News

POST TYPE

POLITICAL

နာကျင်ရသော ပြန်လည်ကုစားမှု
10-Oct-2018


မကြာသေးခင်က မြန်မာကျပ်ငွေ တန်ဖိုးကျပြီးနောက် ပြန်လည်ခိုင်မာမှုများရှိလာစဉ် မြန်မာစီးပွားရေးသည် မသေချာမှုများရှိနေဆဲဖြစ်သည်။ 

အစိုးရက အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် မကြာသေးခင်ရက်များအတွင်း မြန်မာ့ငွေကြေးအကျပ်အတည်းက သက်သာခဲ့ပြီး အာဂျင်တီးနားမှာဖြစ်ခဲ့သလို စီးပွားရေးပြိုလဲမှုမျိုးဖြစ်မည်ကို စိုးရိမ်နေသော ဈေးကွက်စောင့်ကြည့်လေ့လာသူများ စိုးရိမ်မှုလျော့ပါးသွားခဲ့သည်။ သို့သော် စီးပွားရေးသုံးသပ်သူများက ယုံကြည်ထားသည်မှာ ယာယီအားဖြင့် အခြေအနေကိုထိန်းထားလိုက်ခြင်းဖြစ်ပြီး ရုတ်တရက် စီးပွားကျဆင်းစေခဲ့သည့် စီးပွားရေးဆိုင်ရာအခြေခံအချက်များကရှိနေဆဲ ဖြစ်သည်။ ထိုအရာများကို မကိုင်တွယ်နိုင်ပါက လက်ရှိအကျပ်အတည်းသည် လအနည်းငယ်အတွင်း ပြန်ပေါ်လာမည်ဖြစ်သည်။ ပြီးခဲ့သည့် ၃ လအတွင်းက ကျပ်ငွေသည် ဒေါ်လာနှင့်ယှဉ်လျက် တန်ဖိုး ၂၀ ရာခိုင်နှုန်းအထိကျသွားခဲ့သည်။ ယခုလပထမပတ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ပြီး တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၆၅၀ အထိကျသွားပြီးမှ ၁၅၄၀ အထိ ပြန်တက်လာခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် လအနည်းငယ်အတွင်း အကြောင်းခြင်းရာပေါင်းစုံ စုစည်းသွားပြီးနောက် မြန်မာကျပ်ငွေထိခိုက်ခဲ့ကာ လျင်မြန်စွာကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို ရှောင်၍မရခဲ့ပေ။ ကမ္ဘာအနှံ့ ငွေကြေးများနှင့်ယှဉ်ကာ ဒေါ်လာဈေးပုံမှန်လေးတက်သွားခြင်း၊ ပို့ကုန်မှရသောဝင်ငွေများကျသည့် ကာလကြောင့် တိုင်းပြည်၏ ကုန်သွယ်ရေးလိုငွေပြမှုက ပိုမိုဆိုးဝါးသွားခဲ့ခြင်း၊ ငွေဖောင်းပွမှုနှုန်းတက်လာခြင်းစသည်တို့က ပြည်တွင်းကျပ်ငွေတန်ဖိုးကျဆင်းခြင်းကို ပေါင်းပြီး ဖြစ်သွားစေခဲ့ခြင်းဖြစ်သည်။ တရုတ်နှင့် အမေရိကန်တို့အကြား ဘွားခနဲဖြစ်လာသောကုန်သွယ်ရေး စစ်ပွဲနှင့် ဖြစ်လာဖွယ်ရှိသော မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတို့က ပြည်တွင်းငွေဈေးကွက်ကိုမသေချာမှုများ ဖြစ်လာစေသည်ဟု စီးပွားရေးအတိုင်ပင်ခံနှင့် ဈေးကွက်အကြံပေးအဖွဲ့ New Crossroads Asia ၏ စီမံခန့်ခွဲရေးပူးပေါင်းဆောင်ရွက်သူ ဗီဂျေးဒါရယ်က ပြောကြားသည်။ 

ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ပြည်တွင်းငွေကြေးလဲလှယ်ရောင်းဝယ်သူများ၏ ငွေကြေးဆိုင်ရာခန့်မှန်းတွက်ချက် ဆောင်ရွက်မှုများကလည်း လက်ရှိအခြေအနေကို အားဖြည့်ပေးသကဲ့သို့ရှိကြောင်း Myanmar Marketing Research and Development Company ၏ ခေါင်းဆောင်ဖြစ်သူ ဦးမိုးကျော်ကဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က အာဏာပိုင်များသည် ပြည်တွင်ငွေဈေးနှင့် ရွှေဈေးကစားသူများကို ဖမ်းဆီးခဲ့ပြီး ဒေါ်လာဈေးတက်စေရန်အတွက် လှည့်ဖြားအရောင်းအဝယ်ကစားသည်ဟု စွပ်စွဲထားသည်။ ယင်းသို့ ထိန်းလိုက်မှုကြောင့် ငွေလဲလှယ်နှုန်းကျသွားခဲ့သည်ဟု မစ္စတာဒါရယ်က Asia Focus ကို ပြောကြားခဲ့သည်။ 

အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ခြင်း စသည့်စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာကို အစိုးရဘက်ကမလုပ်ဘဲလျက်ရှိပါက ယခုတိုးတက်မှုသည် ကာလတိုသာ ဖြစ်မည်ဟု ၎င်းက ထောက်ပြသည်။ “ကျပ်ငွေဟာ ကြောင်းကျိုးမဲ့စွာ ပိုထုတ်သုံးထားခဲ့ပြီးဖြစ်ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြင်ဆင်ခဲ့ပြီး ပြန်လည်အေးဆေးလာပါပြီ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးအထူးအကြံပေး ရှောင်တန်နယ်က ပြောကြားသည်။ ဒေါ်လာဈေး ၁၅၀၀ ဝန်းကျင်သည် အိန္ဒိယရူပီးနှင့် အင်ဒိုနီးရှားရူပီးယားတို့အတိုင်း ဒေသတွင်း အခြားငွေကြေးအလှုပ်အခတ်များ အတိုင်းသာဖြစ်ကြောင်း ၎င်းက ငြင်းချက်ထုတ်ထားသည်။ 

“တကယ်တမ်း မြန်မာဟာ တိုးတက်လာတဲ့ ဈေးကွက်တစ်ခုအစား နယ်ပယ်သစ်တစ်ခုထဲကိုတိုးဝင်လာတဲ့ ဈေးကွက်တစ်ခုပိုဆန်ပြီးတော့ ခုလိုမျိုး စွန့်စားရမှုတွေရှိလာတဲ့အခါ ငွေလဲနှုန်းလှုပ်ရှားမှုဖြစ်ခြင်းဟာ သေသေချာချာကိုမထူးခြားတဲ့ ဖြစ်စဉ်ပါ” ဟု ၎င်းက Asia Focus သတင်းကိုပြောကြားခဲ့သည်။ ဘယ်လိုပဲပြောပြော ထိုကိစ္စက လမ်းပေါ်မှာတော် တော်လေးဂယက်ရိုက်သည်။ ကျပ်ငွေဈေးထိုးကျခြင်းကြောင့် ဆန်ဈေး၊ ငါး၊ အသား၊ ဟင်းသီးဟင်းရွက်၊ ဘဲဥ၊ ကြက်ဥ၊ နို့နှင့် ကြက်သွန်ဈေးတို့ တက်သွားခဲ့သည်။ သွင်းကုန်ဖြစ်သောဆားသည် ကျပ်ငွေတန်ဖိုးကျသောကြောင့် ဈေးတက်ခဲ့သည်။ ရန်ကုန်ကအငှားယာဉ်မောင်းကိုဝင်းလွင်က မိသားစုဝင်ငွေက မလောက်တော့ကြောင့် ညည်းတွားသည်။ ဆန်ဈေးကလည်း တစ်ပြည်လျှင် ၂၀၀၀ ကျပ်မှသည် ၂၅၀၀ ကျပ် သို့ တက်သွားသည်။ ဟင်းရွက်ကလည်းတစ်စည်း ၃၀၀ ကျပ်မှသည် ၅၀၀ အထိတက်သွားသည်။ ဘဲဥ၊ ကြက်ဥဈေးက ၁၁၀ မှသည် ၁၆၀ ဖြစ်ကာ၊ နို့ဈေးကလည်း ၂၀၀၀ မှသည် ၂၂၀၀ ဖြစ်သွားကာ ကြက်သွန်ဈေးကလည်း နှစ်ဆဖြစ်သွားသည်ဟု ကိုဝင်းလွင်ကဆိုသည်။ အဆိုးဆုံးမှာ ကားလောင်စာဆီဈေးသည် ပြီးခဲ့သည့် လေးလအတွင်း ၂၀ ရာခိုင်နှုန်းကျော် တက်သွားခြင်းဖြစ်သည်။ ကားမောင်းရတာငွေပိုကုန်ပြီး ဖောက်သည်များက ဈေးကောင်းမပေးကြကာ ဝင်ငွေနည်းလာသည်ဟုလည်း ဆိုသည်။ ဝင်ငွေထွက်ငွေကမမျှတော့ဟု ၎င်းက ပြောပြသည်။ မြို့ကြီး၏ ကံမကောင်းလှသော စားသုံးသူတို့အဖို့မှာကား ခေါင်ခိုက်နေပေတော့သည်။ နေ့စဉ်သုံးကုန်ပစ္စည်းဈေးက ခဏနဲ့ ပြန်ကျမှာမဟုတ်။ အကောင်းဆုံးမျှော်လင့်နိုင်သည်ကား ကျပ်ငွေတန်ဖိုးသည် လက်ရှိ ၁၅၄၀ တွင် တည်ငြိမ်နေရေးဖြစ်သည်။ ဗဟိုဘဏ်ကလည်း ထိုပမာဏမှာ မျှော်လင့်ထားသော မျှခြေဟုဆိုထားသည်။ သုံးသပ်သူများနှင့် ဘဏ်လုပ်ငန်းလုပ်ဆောင်သူများ၏ အဆိုအရ နောက်ကွယ်မှ ပြဿနာမှာ ပြီးခဲ့သည့်နှစ်အတွင်း ကျပ်ငွေတန်ဖိုးကို တမင်မြှင့်တင်ခဲ့ပြီး မြန်မာငွေတန်ဖိုးကျခြင်းမှာ ကြာရှည်နေပြီဟု ဆိုသည်။ “ဗဟိုဘဏ်က ပြီးခဲ့တဲ့သုံးလကတည်းက ရုတ်တရက်ငွေဈေးကျမယ့်အစား ဖြည်းဖြည်းချင်းကျတာကို လက်ခံလိုက်ပြီး ငွေကြေးကို ပိုကောင်းကောင်း စီမံခန့်ခွဲခဲ့မယ်ဆိုရင် ခုထက်ပိုကောင်းမယ်”ဟု မစ္စတာဒါရယ်က ပြောကြားသည်။ 

ဖြစ်ချင်တော့ စီးပွားရေးဝန်ကြီးဌာနသည် ထိုင်းဒီဇယ်များ တရုတ်သို့ လအနည်းငယ်ကပို့ခဲ့သည့် ကာလမှာပင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ထိုင်း၊ ဗီယက်နမ်နှင့် ဘရာဇီးတို့မှ သကြားပြန်လည် တင်သွင်းမှုကိုခွင့်ပြုရန် ဆုံးဖြတ်လိုက်ခြင်းဖြင့် အမှုမဲ့အမှတ်မဲ့ ငွေဈေးအကျပ်အတည်းကိုမီးပွားစတင်မိစေခဲ့သည်။ ဗဟိုဘဏ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက အဆိုပါလုပ်ရပ်သည် ဝန်ကြီးဌာန၏ အဝေးမှုန်သော လုပ်ရပ်ဟုဆိုထားသည်။ အဆိုပါ ထုတ်ကုန်များ ပြန်လည်တင်ပို့ခြင်းတွင် ပါဝင်ခဲ့သောလုပ်ငန်းများသည် သကြားမှာဆိုလျှင် ၂၅ ရာခိုင်နှုန်းအမြတ်ကျန်သွားခဲ့သော်လည်း ကုန်သွယ်ရေးလိုငွေပြမှုနှင့် ငွေပေးချေမှုအချိန်အဆတွင် ထိခိုက်မှုများရှိသည်။ သွင်းကုန်အတွက် ငွေချေပြီးနောက် ရောင်းကုန်အတွက် ဝင်ငွေရရှိမှုအကြားတွင် သုံးလကြာအဆက်ပြတ်မှု ရှိသွားသည်။ ဝင်ငွေအများစုမှာ တရုတ်ယွမ်နှင့်ဖြစ်ပြီး ဒေါ်လာသို့မပြောင်းနိုင်ရပေကား၊ ငွေချေမှုရပြီးသည့်တိုင် တိုင်းပြည်၏ နိုင်ငံတကာအရန်ငွေအတွက် အကူအညီမဖြစ်ခဲ့ပေ။ 

အဆိုးဆုံးကိုဆိုရလျှင် ပြန်လည်ပို့ကုန်များကို ခွင့်ပြုရန်ဆုံးဖြတ်ခြင်းသည် ပို့ကုန်ထိုးကျနေသည့် မိုးရာသီနှင့် တိုက်ဆိုင်နေသည့်အတွက် ကုန်သွယ်ရေးလိုငွေပြမှုကို များစွာဖိအားသက်ရောက်သွားစေသည်။ လွန်ခဲ့သည့် သီတင်းပတ် ၆ ပတ်က ဆုံးဖြတ်ချက်ကို ပြန်လည်နောက်ဆုတ်ခဲ့ပြီး ငွေလဲလှယ်နှုန်းက တည်ငြိမ်မှုများရှိလာသည်ဟု ဗဟိုဘဏ်ရှိသတင်းရင်းမြစ်များကလည်း ထောက်ပြသည်။ သို့သော် ယာယီအားဖြင့်သာဟု သက်သေပြထားပါသည်။ 

လက်ရှိငွေကြေးအကျပ်အတည်းကြောင့် ဗဟိုဘဏ်၏ အခန်းကဏ္ဍနှင့် ကျပ်ငွေအပေါ် ၎င်း၏ အထောက်အပံ့ပြုမှုအကြောင်း လှုပ်လှုပ်ရှားရှား အငြင်းအခုံများ ဖြစ်လာစေခဲ့သည်။ ပြည်တွင်း ဘဏ်လုပ်ငန်းဆောင်ရွက်သူတို့က ဗဟိုဘဏ်သည် လုံလောက်စွာ မဆောင်ရွက်ဟု ငြင်းခုံထားသည်။ 

“လေဇာဖဲရ် (အစိုးရက ပုဂ္ဂလိကစီးပွားရေးနဲ့ ဝေးဝေးနေပေးရေးမူဝါဒ) က အလုပ်မဖြစ်ဘူး” ဟု ဦးမိုးကျော်က ဆိုပြီး ဘာများမျှော်လင့်နိုင်မလဲဟုမှတ်ချက်ပြုသည်။ ဗဟိုဘဏ်သည် ကျပ်ငွေတည်ငြိမ်သွားစေရန်အတွက် ခြေလှမ်းများစွာတော့ အလုပ်လုပ်ခဲ့ပါသည်။ နိုင်ငံခြားအရန်ငွေမှ ဒေါ်လာသန်းပေါင်းများစွာ ပြည်တွင်းဘဏ်များသို့ ထုတ်ရောင်းပေးခဲ့ကာ ငွေလဲနှုန်းကို အရှင်ထားပေးခဲ့ပြီး ငွေလဲစင်တာအသစ်တစ်ခုကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ သို့သော် အဆိုပါဆောင်ရွက်ချက်များက မထိမရောက်ဖြစ်ခဲ့ပေသည်။ မစ္စတာတန်နယ်ကတော့ ဗဟိုဘဏ်သည် မှန်ကန်သော လုပ်ရပ်ကိုဆောင်ရွက်ခဲ့ကြောင်း လုံးဝသံသယမရှိ လက်ခံသည်။ “မြန်မာနိုင်ငံက ငွေလဲနှုန်းဟောင်းဟာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီဖြစ်ပြီးတိုင်းပြည်စီးပွား ရေး မလည်ပတ်ခြင်းကိုသိသာစေတဲ့ အမှတ်သညာ ဖြစ်ခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။ “ဒါဟာ အကျင့်ပျက်ခြစားဖို့အတွက် လမ်းကြောင်းဖြစ်ခဲ့ပြီး တိုင်းပြည်အခြေအနေမှန်ကိုဖုံးကွယ်ထားတဲ့ ဇာတ်လမ်းဆင်ပြယုဂ်ဖြစ်ခဲ့ပြီး တိုင်းပြည်ရဲ့ ပြိုင်ဆိုင်စီးပွားလုပ်ခြင်းကို တားမြစ်ထားခဲ့တဲ့ သိသာတဲ့အရာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဘဏ်ကဆောင်ရွက်ချက်သည် ကျပ်ငွေကိုထိရောက်စွာ နိုင်ငံသုံးငွေကြေးကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံခြားငွေကြေးများနှင့် လဲလှယ်ခွင့်ပြုခဲ့ပြီး ဈေးကွက်ကပြဋ္ဌာန်းသည့် နှုန်းကိုခွင့်ပြုခဲ့သည်။ 

သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်က စီးပွားရေးကဏ္ဍ ဦးစီးခဲ့သူ ဦးစိုးသိန်းက ယင်းသို့ ဆောင်ရွက်မှုကို ပြင်းထန်စွာပယ်ချခဲ့သူ။ “အစိုးရဟာ ပုံသေငွေလဲနှုန်းကို ဆက်လုပ်ထားသင့်တယ်” ဟု ၎င်းက Asia Focus ကိုပြောကြားခဲ့သည်။ သို့သော် သုံးသပ်သူအတော်များများက ဗဟိုဘဏ်တွင် အခြားရွေးစရာမရှိဘဲကာလရှည်တွင် ပြည်တွင်းငွေကြေးကို မြှင့်တင်ရန်အတွက် အသင့်လျော်ဆုံးနည်းဖြစ်ကြောင်း ယုံကြည်ထားကြသည်။ “ရှင်းရှင်းပြောရရင် အစိုးရလုပ်နိုင်တာ သို့မဟုတ် လုပ်သင့်ခဲ့တာသိပ်အများကြီး မရှိပါဘူး”ဟု မစ္စတာတန်နယ်က ပြောကြားသည်။ “ကျပ်ငွေဈေးကျဆင်းမှု ဇာတ်လမ်းဟာ အခြားတိုး တက်ဆဲစီးပွားရေးဈေးကွက်တွေက ငွေကြေးတွေနဲ့ ယှဉ်ပြီးခပ်ကြမ်းကြမ်းတက်နေတာဖြစ်ပါတယ်” ဟု ဆိုသည်။ 

“တည်ငြိမ်တဲ့ ငွေဈေးဟာ စီးပွားရေးသမားတိုင်း လိုချင်တဲ့အရာဖြစ်ပါတယ်”ဟု Sithar ကော်ဖီ ၏ စီအီးအိုသူဇော်က ပြောကြားသည်။ ၎င်းသည် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ဖြန့်ချိသူဖြစ်သည်။ “အချိုရည်၊ နို့၊ ဆား၊ သွားတိုက်ဆေး အရာအားလုံးနီးပါးက သွင်းကုန်တွေဖြစ်နေတော့ ငွေလဲနှုန်းကစီးပွားရေးသမားတွေ အစီအစဉ်ဆွဲရ သိပ်ခက်စေပြီး စားသုံးသူကို နောက်ဆုံးထိခိုက်ပါတယ်” ဟု ဆိုသည်။ 

လက်တွေ့တွင် ဗဟိုဘဏ်သည် အရန်ငွေကြေး အကန့်အသတ်ရှိသဖြင့် ဗဟိုဘဏ်တွင်လည်းအကန့် အသတ်ရှိပါသည်။ အခြားဗဟိုဘဏ်များနှင့် မတူစွာ ပြည်တွင်းငွေဈေးတက်ရန်အတွက် ငွေကြေးဈေး ကွက်အတွင်းသို့ ဒေါ်လာရောင်းပေးနိုင်ခြင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတွင် သုံးလအောက်သာ အရန်ငွေရှိသည်ဟု နီးစပ်သူတစ်ဦးကပြောကြားသည်။ 

မြန်မာနိုင်ငံရှိသုံးသပ်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များက ကာလရှည်အတွက်အဖြေရှာခြင်းကို အစိုးရ၏ တာဝန်ဟုယူဆကြသည်။ ကာလလတ်နှင့် ကာလရှည် ကုန်သွယ်ရေးလိုငွေပြမှုကိုလျှော့နိုင်ရေးက အစိုးရကပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုးလုပ်ငန်းများ အားပေးခြင်းကိုသာဆောင်ရွက်နိုင်သည်။ အဓိကအဖြေမှာ ကုန်ကြမ်းကတင်သွင်း ရလျှင်တောင် ထုတ်လုပ်မှုအခြေပြုခြင်းကိုဖော်ဆောင်ရမည်ဟု မစ္စတာဒါရယ်က ပြောကြားသည်။ 

မြန်မာသည် လက်ရှိအချိန်တွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှ ဟင်းရွက်ဆီ ဒေါ်လာသန်း ၆၀၀ ဖိုး တင်သွင်းကာ တကယ်တမ်း ပြည်တွင်းဝယ်ထုတ်လုပ်နိုင်ပါသည်။ နှစ်စဉ် ဒေါ်လာဘီလီယံဝက်ဖိုး လောက်ကို တရုတ်နှင့် ဗီယက်နမ်တို့မှ ဆိုင်ကယ်တင်သွင်းရင်း အသုံးပြုနေပြီး နိုင်ငံခြားထုတ်လုပ်သူများကို ပြည်တွင်းတွင် စက်ရုံတည်နိုင်ရန် အားပေးနိုင်ပါသည်။ ထိုင်းကုမ္ပဏီ ဆီယမ်ဘိလပ်မြေက မြန်မာပြည်တွင် စက်ရုံတည်ခဲ့ပြီးနောက် ဘိလပ်မြေတင်သွင်းရမှု လျော့ကျသွားခြင်းကို မစ္စတာဒါရယ်ကထောက်ပြပြီး ၂၀၁၂-၂၀၁၃ တွင် တင်သွင်းမှု ထိပ်ဆုံးတွင် ရောက်ခဲ့ဖူးသည်။ 

“စီးပွားရေးကဏ္ဍမှာဦးဆောင်မှု ပျောက်ဆုံးနေပါတယ်” ဟု Mandalay Technologies မှ ဦးဇော်နိုင်က ပြောကြားသည်။ စီးပွားရေးလုပ်ငန်းများကလည်း ကူညီချင်ပါသော်လည်း တိုင်းပြည်၏ စီးပွားရေးစီမံမှုမှာပါဝင်ခွင့် ရရန်လိုအပ်သည်ဟု ဆိုထားသည်။ “အစိုးရအနေနဲ့ မက်လုံးများဖန်တီးပေးပြီး ပို့ကုန်ကိုအားပေးသင့်တယ်” ဟု UMFCCI မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြီးစိုးက ပြောကြားသည်။ “ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရပါမယ်။ ဒါဟာအလုပ်အကိုင်များနှင့် နိုင်ငံခြားငွေရရှိမှုကို မြှင့်တင်ပေးနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

ဗဟိုဘဏ်အပါအဝင် အချို့သောစီးပွားရေး ပညာရှင်တို့က ရုတ်တရက် ငွေတန်ဖိုးအကျပ်အတည်းဖြစ်ရခြင်းမှာ အခြေခံစီးပွားရေးအဆောက်အဦများ အားနည်းသောကြောင့်ဟု လက်ခံကြပြီး စီးပွားရေးကိုပိုမိုကောင်းမွန်သောစီမံမှုကို အစိုးရကဆောင်ရွက်ရန်အတွက် သတိပေးလိုက်ခြင်းဖြစ်သည်။ အစိုးရ အကြံပေးက စီးပွားရေးမျက်နှာစာတွင် စိန်ခေါ်မှုများစွာ ရှိနေခြင်းကို သိရှိထားသည်ဟုဆိုသည်။ “စီးပွားရေးပိုင်းကျဆင်းပြီး နိုင်ငံရေးဖြစ်စဉ်တွေက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ကို သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ ဒါကိုနားလည်ထားပြီး မြန်မာရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်မှာ ထည့်သွင်းဆောင်ရွက်မှုဖြစ်တဲ့အတွက် အခြေအနေပြန်လည်ကောင်းမွန်မယ်လို့ မျှော်လင့်ပါတယ်” ဟု မစ္စတာတန်နယ်က ပြောကြားသည်။

လယ်ရီဂျာဂင်၏ သတင်းဆောင်းပါးကို သန့်ဇင်စိုးဘာသာပြန်သည်