News

POST TYPE

POLITICAL

ယာဉ်တိုက်မှုဖြင့် ရောက်လာသော ရုပ်အလောင်းတွင် ကျည်ဆန်တွေ့၊ ကျူးလွန်သူဟု ယူဆရသည့် ဒုရဲအုပ်ကို စစ်ဆေး
09-Oct-2018
နေပြည်တော်၊ အောက်တိုဘာ ၈

နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံသို့ ယာဉ်တိုက်မှုကြောင့် သေဆုံးသည်ဟု ပေးပို့လာသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွင် သေနတ်ကျည်ဆန် ထိမှန်ထားသည်ကို တွေ့ရှိခဲ့ရပြီး ကျူးလွန်သူဟု ယူဆရသူ ဖိုးစောင်းတောင်နယ်မြေ တာဝန်ကျ ဒုရဲအုပ်ကို စစ်ဆေးနေကြောင်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။ 

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ချောင်းမကြီးရွာဟောင်း ဗိုလ်ရွေးလမ်းဆုံအနီးတွင် ယမန်နေ့ ည ၇ နာရီ ၃၀ ခန့်က ယာဉ်တစ်စီးတိမ်းမှောက်ရာ ကိုမျိုးဝင်း (၃၂နှစ်) အဘဦးထွန်းမြိုင် မောင်းနှင်လာသည့် YGN 4F /6849 Bongo KIA ခြောက်ဘီး၊ အပြာရောင်ယာဉ်သည် မီးသွေးအိတ် ၁၅ အိတ်ဖြင့် မတော်တဆမှုဖြစ်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။ 

မောင်းနှင်သူသည် အခင်းဖြစ်သည့်နေရာတွင် သေဆုံးနေသောကြောင့် နေပြည်တော် ခုတင်တစ်ထောင် ပြည်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့် အရှိန်ပြင်းအရမ်းမဲ့ မောင်းနှင်ခြင်းဖြင့်အရေးယူပေးရန် ရဲအုပ်ရွှေလင်းက တရားလိုပြုလုပ်၍ တင်ပြထားခြင်းဖြစ်သည်။ 

ဆေးရုံ၏ စစ်ဆေးချက်တွင် သေနတ် ကျည်ဆန်ကို တွေ့ရှိရသောကြောင့် အမှုကို ဆက်လက်စုံစမ်းနေပြီ ဖြစ်ကြောင်း ယာဉ်မှု စစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။ 

ယင်းကျည်ဆန်တွေ့ရှိမှုမှာ မှန်ကန်ပြီး နေပြည်တော်ခုတင်တစ်ထောင်တွင် မှတ်တမ်းများရှိနေကြောင်း ဆေးရုံအသိုင်းအဝိုင်းမှ အတည်ပြုချက်ရရှိသည်။ 

“ည ၁၀ နာရီလောက်ရောက်လာတဲ့ Body ပါ” ဟု ဆေးရုံးအသိုင်းအဝိုင်းမှ မျက်မြင်တွေ့ရှိသူ တစ်ဦးကဆိုသည်။ ယင်းကိစ္စကို ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းသို့ ဆက်သွယ်ရာတွင် ပြစ်မှုကျူးလွန် သူဟုယူဆရသူသည် ဖိုးစောင်းတောင် ဘက်တာဝန်ကျ ဒုရဲအုပ်အောင်နိုင်ထွန်းဖြစ်ပြီး လက်ရှိတွင် ခရိုင်ရဲမှုး၊မြို့နယ်ရဲမှုးတို့ပါဝင်သော အဖွဲ့က စစ်ဆေးနေကြောင်း ဘုရားကုန်းရဲစခန်းမှ တာဝန်ရှိသူက ပြောကြားသည်။

ယင်းနောက် အမှုကိစ္စအခြေအနေကို ညနေ ၅ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းရာ ပြစ်မှုကျူးလွန်သူသည် ဒုရဲအုပ်အောင်နိုင်ထွန်း (၄၅) နှစ်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ အရ တိုင်ချက်ဖွင့်ကာ စခန်းအချုပ်တွင် ထားရှိထားကြောင်း ဆိုသည်။ 

စစ်ဆေးပြီးနောက် စခန်းမှထုတ်ပေးသည့် အမှုဖိုင်တွင် သေဆုံးသူသည် မီးသွေးအိတ်များ တင်ဆောင်လာခြင်းကြောင့် ဒုရဲအုပ်မှ ဖမ်းမည်ပြောရာတွင် ယာဉ်ကို လာရာလမ်းသို့ ပြန်ကွေ့၍ မောင်းနှင်ထွက်စဉ် ဒုရဲအုပ်ကားနှင့် တရွတ်တိုက်ပါသွားကြောင်း၊ တရွတ်တိုက်ပါသွားသည့် ဒုရဲအုပ်သည် ခါးကြားမှ သေနတ်ကို ထုတ်ချိန်၍ ရပ်တန့်ခိုင်းရာမှ ကျည်ပေါက်ထွက်ပြီး ယာဉ်မောင်းသူကိုမျိုးဝင်းကို ထိခိုက်ခဲ့သည်ဟု ရေးသားထားသည်ကို တွေ့ရသည်။ 

ယင်းကြောင့် ပစ်ခတ်သူရဲအုပ် အောင်နိုင်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄ အရ အရေးယူရန် ဒုရဲမှုးတင်ဌေးက တရားလိုပြုလုပ်၍ အမှုဖွင့်ထားသည်။

S-01