News

POST TYPE

POLITICAL

ဘရာဇီးသမ္မတ ရွေးကောက်ပွဲ ပထမအကျော့တွင် လက်ယာယိမ်းစစ်မှုထမ်းဟောင်း ဂျေယာဘော်လ်ဆိုနာရိုအနိုင်ရ
09-Oct-2018


ဆောင်ပေါလို၊ အောက်တိုဘာ ၈

လက်တင်အမေရိက၏ အကြီးဆုံးနိုင်ငံဖြစ်သော ဘရာဇီးတွင် ယမန်နေ့ (တနင်္ဂနွေ) က ပထမအကျော့အဖြစ်ကျင်းပသည့် သမ္မတရွေးကောက်ပွဲ၌ လက်ယာစွန်း နိုင်ငံရေးသမားနှင့် စစ်မှုထမ်းဟောင်းဖြစ်သူ ဂျေယာဘော်လ်ဆိုနာရိုက မဲထက်ဝက်နီးပါးရရှိကာ အနိုင်ရသွားပြီဖြစ်ရာ ဒုတိယအကျော့တွင် လက်ဝဲယိမ်းသမ္မတလောင်း ဖာနန်ဒိုဟာဒကက်နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်ဟု Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 



ပထမအကျော့ ကနဦးရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာရာတွင် အငြိမ်းစား ဗိုလ်ကြီးဟောင်းနှင့် လွှတ်တော်အမတ်ဟောင်း ဂျေယာဘော်လ်ဆိုနာရိုက မဲ ၄၆ ရာခိုင်နှုန်းရရှိပြီး လက်ဝဲယိမ်းသမ္မတဟောင်း ဖာနန်ဒိုဟာဒကက်မှာ ၂၉ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့သည်။ 

ဒုတိယအကျော့ မဲပေးရွေးချယ်မှုကို အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း၊ ယခုပထမအကျော့ ရွေးကောက်ပွဲရလဒ်များအရ ဂျေယာဘော်လ်ဆိုနာရိုအနေနှင့် ဘရာဇီးသမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံရနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။ 

ဘရာဇီးနိုင်ငံသည် ၁၉၈၅ ခုနှစ်၊ စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည့်အချိန်မှစ၍ ပါဝါရှိသော လက်ယာယိမ်းနိုင်ငံရေး အင်အားစုများ လျော့နည်းခဲ့သည်။ 

ဂျေယာဘော်လ်ဆိုနာရိုသည် အမျိုးသားရေး အာဂျင်ဒါများနှင့် တုတ်ထိုးအိုးပေါက် စကားပြောဆိုတတ်သည့် အပြုအမူကြောင့် အပူပိုင်းဒေသ၏ ဒေါ်နယ်ထရမ့်အဖြစ် နိုင်ငံရေးဂုရုအချို့၏ တင်စားခေါ်ဝေါ်ခြင်းခံရသည်။ 

ဂျေယာဘော်လ်ဆိုနာရိုသည် အဂတိလိုက်စားမှုများနှင့် ဒုစရိုက်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟူသော ကတိကဝတ်များကြောင့် ကမ္ဘာ့ပေါ်တွင် ပဉ္စမမြောက်လူဦးရေ အထူထပ်ဆုံးဘရာဇီးနိုင်ငံ၏ ပြည်သူများအကြား အထူးရေပန်းစားလာခြင်းဖြစ်သည်။ 

ထို့ပြင် ဒုစရိုက်မှုနှိမ်နင်းရေးနှင့်တပ်သက်၍ ရဲတပ်ဖွဲ့များအပေါ် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ထားခြင်းကို ဖြေလျှော့ပေးမည်ဖြစ်သည်ဟု ၎င်းက ဆိုထားသည်။ သို့အတွက်ကြောင့် ဒုစရိုက်သမားများကို ပြင်းထန်စွာ နှိမ်နင်းသတ်ဖြတ်နိုင်မည်ဟု ဆိုခဲ့သည်။ 

ရွေးကောက်ပွဲကော်မရှင်က တနင်္လာနေ့ နံနက်ပိုင်းတွင် ပထမအကျော့အတွက် ရလဒ်ထုတ်ပြန်ရာတွင် ဂျေယာဘော်လ် ဆိုနာရိုကမဲ ၄၆ ဒသမ ၃ ရာခိုင်နှုန်း၊ ဖာနန်ဒိုဟာဒကက်မှာ ၂၉ ရာခိုင်နှုန်းရရှိကြောင်း အတည်ပြုဖော်ပြသည်။ 

ဂျေယာဘော်လ်ဆိုနာရိုသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းသမ္မတရွေး ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ် ဓားထိုးခံခဲ့ရပြီး သေလုမြောပါးအခြေအနေသို့ ရောက်ရှိခဲ့သည်။ 

၎င်း၏ မဲဆွယ်စည်းရုံးမှုဖိုးကပ်စ်မှာ လက်ဝဲအုပ်စုများအတိုင်းပင် ကာလကြာရှည် လူတန်းစားမညီမျှမှုများတိုက်ဖျက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိနိုင်ရန် အလုပ်သမားဥပဒေများ ပြုပြင်ပြောင်းလဲရေးနှင့် ပညာရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရေးတို့ဖြစ်သည်။ 

ဂျေယာဘော်လ်ဆိုနာရို၏ ဆိုရှယ်လစ်ဘရယ်ပါတီ (PSL) မှာ ဥပဒေပြုရွေး ကောက်ပွဲအပြီးတွင် ကွန်ဂရက်လွှတ်တော်၌ ဒုတိယအင်အားအကြီးဆုံး ပါတီဖြစ်လာခဲ့သည်။ သို့အတွက်ကြောင့် PSL အနေနှင့် ဂျေယာဘော်လ်ဆိုနာရို၏ အာဂျင်ဒါများဖြစ်သော အခွန်ကောက်ခံမှုလျှော့ချခြင်း၊ စီးပွားရေးတွင် နိုင်ငံတော်၏ အခန်းကဏ္ဍ လျှော့ချရေးစသည်တို့ကို ဦးစားပေးလုပ်ဆောင်လာနိုင်မည့် အနေအထားတွင်ရှိသည်။  

F-01


  • VIA