News

POST TYPE

POLITICAL

မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူနှစ်ဦး ၂၀၁၈ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ဆွတ်ခူး
07-Oct-2018


အော်စလို၊ အောက်တိုဘာ ၆

၂၀၁၈ ခုနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို အဓမ္မမုဒိမ်းပြုကျင့်မှုအား စစ်မက်ပဋိပက္ခ၏ လက်နက်တစ်ခုသဖွယ် အသုံးချနေခြင်းများ အဆုံးသတ်ရန် တက်ကြွလှုပ်ရှားသူနှစ်ဦးဖြစ်သော ဒေါက်တာ ဒင်းနစ်မူဝါဂါနှင့် နာဒီယာမူရတ်တို့က ပူးတွဲရရှိသွားကြောင်း နော်ဝေ အခြေစိုက် နိုဘယ်လ်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီက ထုတ်ပြန်ကြေညာသည်။ 

သောကြာနေ့က နိုဘယ်လ် အင်စတီကျုတွင် ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး ရွေးချယ်ရေးအခမ်းအနားတွင် ကွန်ဂိုနိုင်ငံမှ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ ဒင်းနစ်မူဝါဂါနှင့် ဂျာမနီအခြေစိုက်ရာဇီဒီ- အီရတ်နွယ်ဖွား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဒီယာမူရတ်တို့ကို ယခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ပူးတွဲချီးမြှင့်ကြောင်း ကြေညာသည်။ 

၎င်းတို့နှစ်ဦးသည် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကိုစစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခတွင် လက်နက်သဖွယ် အသုံးချမှုများ အဆုံးသတ်ရန် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည်။ 

ဒေါက်တာဒင်းနစ်မူဝါဂါသည် ကွန်ဂိုနိုင်ငံ ဘူကာဗူမြို့တွင် ပန်ဇီဆေးရုံကို ထူထောင်ခဲ့သည့် သားဖွားမီးယပ် ဆရာဝန်တစ်ဦးဖြစ်သည်။ ၎င်းသည် သူပုန်တပ်ဖွဲ့များ၏ အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရသော အမျိုးသမီးများအား ကုသစောင့်ရှောက်ရေးကို အထူးအလေးထားဆောင်ရွက်ခဲ့သည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ မစ္စနာဒီ ယာမူရတ်မှာမူအီရတ်နိုင်ငံမှ ယာဇီဒီကတ် လူမျိုးဖြစ်ပြီး လူ့အခွင့်အရေးကိစ္စရပ်များ၊ စစ်မက်ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အဆုံးသတ်ရေးတို့ကိုစွမ်းစွမ်းတမံလုပ် ကိုင်ခဲ့သူဖြစ်သည်။ သူမသည် ၂၀၁၆ ခုနှစ်တွင် လူကုန်ကူးမှုမှ ရှင်သန်လွတ်မြောက်လာသူများဆိုင်ရာ ကုလသမဂ္ဂသံ အမတ်ကြီးအဖြစ် ပထမဆုံး ခန့်အပ်ခံခဲ့ရသည်။ သောကြာနေ့က နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကြေညာချိန်တွင် ဒေါက်တာဒင်းနစ် မူဝါဂါမှာ ပန်ဇာဆေးရုံရှိ ခွဲစိတ်ခန်းထဲတွင် ရောက်ရှိနေခဲ့သည်။ 

“အမျိုးသမီးတွေ ခွဲစိတ်ခန်းထဲကို ဆူညံပွက်လောရိုက်ပြီး ဝင်လာကြတယ်၊ ကျွန်တော်လည်း ဘာဖြစ်နေတာလဲဆိုတာ ကို ရုတ်တရက်မသိဘူး”ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိကြောင်း သိရှိလိုက်ရသည့် အနေအထားနှင့်ပတ်သက်၍ ဒေါက်တာဒင်းနစ်မူဝါဂါက အိုစလိုအခြေစိုက် VG သတင်းစာသို့ ပြောကြားသည်။ 

မစ္စနာဒီယာမူရတ်မှာမူ ပထမဆုံး နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည့် အီရတ်နိုင်ငံသူဖြစ်သည်။ မစ္စနာဒီယာမူရတ်သည် အသက် ၁၉ နှစ်အရွယ်တွင် IS အစ္စလာမ္မစ်အစွန်းရောက်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ထွက်မပြေးနိုင်ခင်အချိန်အထိ နေ့စဉ်နှင့်အမျှ မုဒိမ်းကျင့်ခြင်း၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ 

မစ္စနာဒီယာမူရတ်သည် ၂၀၁၅ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်ခံရသည့် အမျိုးသမီးများဆိုင်ရာအစီအစဉ် တစ်စိတ်တစ်ပိုင်းအရ ဂျာမနီသို့ရောက်ရှိလာသည်။ သူမသည် ၂၀၁၆ ခုနှစ်တွင် ဂျာမနီအဓိပတိ မာကယ်လ်နှင့်တွေ့ဆုံပြီး အကြမ်းဖက်တိုက်ခိုက်ခံရခြင်းကြောင့် စိတ်ဒဏ်ရာရနေသည့် အမျိုးသမီးများအား ကူညီပံ့ပိုးရေးအတွက် ဆွေးနွေးညှိနှိုင်းခွင့်ရခဲ့သည်။ 

ယခုလို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသည့်အတွက် ဒေါက်တာဒင်းနစ်မူ ဝါဂါနှင့် မစ္စနာဒီယာမူရတ်တို့နှစ်ဦးစလုံးအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း အဓိပတိမာကယ်လ်က ကြေညာသည်။ ၎င်းတို့နှစ်ဦးသည် လူသားမဆန်မှုများကို ရဲရဲဝံ့ဝံ့ဆန့်ကျင်သူများဖြစ်သည်ဟု မာကယ်လ်က ဆိုသည်။ 

၂၀၁၈ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် ဆွီဒင်ခရိုနာ ၉ သန်း (ယူရို ၈၈၀,၀၀၀ သို့မဟုတ် ဒေါ်လာ ၁ ဒသမ ဝ၁ သန်း) ရရှိမည်ဖြစ်သည်။ မစ္စနာဒီယာ မူရတ်က နိုဘယ်လ်ဆုရရှိပြီးနောက် ကြေညာချက်ထုတ်ပြန်ရာတွင် “ရာဇီဒီ လူမျိုးတွေက ယခုငြိမ်းချမ်းရေးဆုကြီးကို ကြည့်ပြီး ဆုံးရှုံးလိုက်ရသူတွေ၊ မိသားစုတွေအကြောင်း စဉ်းစားကြပါလိမ့်မည်။ ယနေ့ အချိန်အထိ မည်ရွေ့မည်မျှဆုံးရှုံးခဲ့ရသည်ကို စာရင်းမပေါ်သေးပေ။ အမျိုးသမီးနှင့် ကလေးငယ် ၁၃၀၀ ခန့်မှာ IS တို့၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရဆဲဖြစ်သည်”ဟု ကြေညာချက်ထုတ်ပြန်သည်။ 

F-01


  • VIA