News

POST TYPE

POLITICAL

TNLA က ဖမ်းဆီးထားသည့် အမျိုးသမီး ပြန်လွတ်မြောက်ရေးလှုပ်ရှားသူများနှင့် မြောက်ပိုင်းအဖွဲ့ တွေ့မည်
07-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၆

တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ဖမ်းဆီးထားသည့် နန်းမိုဟွမ် လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များ “ဝ” ဦးဆောင်သည့် မြောက်ပိုင်းအဖွဲ့ (FPNCC) နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် “ဝ” ဌာနချုပ်ရှိရာ ပန်ဆန်းသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

FPNCC အဖွဲ့က ပန်ဆန်းဌာန ချုပ်ရှိရာသို့ လာရောက်ညှိနှိုင်းရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်ပြီး နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း နမ့်ခမ်းလူငယ် ကွန်ရက်ဝင် စိုင်းသိန်းရွှေက ပြောကြားသည်။

ယင်းသို့ ဆွေးနွေးညှိနှိုင်းခွင့် ရလာသည့်အတွက် နန်းမိုဟွမ် ပြန်လည်လွတ်မြောက်ရေး မျှော်လင့်ချက် ရလာသည်ဟု မျှော်လင့်ရကြောင်း ၎င်းက ပြောဆိုသည်။

နန်းမိုဟွမ် ပြန်လွတ်မြောက်ရေးအတွက် ရှမ်းလူမှုအရပ်ဘက် အဖွဲ့အစည်း ၁၁ ခုကလည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (FPNCC) ထံ စာပေးပို့ တောင်းဆိုခဲ့သည်။

FPNCC အဖွဲ့က အကြောင်းပြန်ကြားသည့်စာတွင် နန်းမိုဟွမ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ လေ့လာမှုများ လုပ်ခဲ့ပြီး တရားမျှတသည့် နည်းလမ်းနှင့် လုံခြုံရေးအာမခံချက်များ ရရှိရေးကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ဆွေးနွေးစဉ် မလိုလားအပ်သည့် ပြောဆိုတိုက်ခိုက်မှုများ မပြုလုပ်ရန်လည်း အဆိုပါ အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (FPNCC) ကော်မတီတွင် နန်းမိုဟွမ်ကို ဖမ်းဆီးထားသည့် တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) လက်နက်ကိုင်အဖွဲ့လည်း ပါဝင်နေသည်။

FPNCC တွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA)၊ တအာင်း ပလောင်အဖွဲ့ (TNLA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) စသည့် အပစ်ရပ်စာချုပ် NCA မထိုးထားသည့် အဖွဲ့ခုနစ်ဖွဲ့ ပါဝင်သည်။

တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) သည် အဆိုပါအမျိုးသမီးကို ဩဂုတ်လ ၁၇ ရက်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးထားသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်သည်။

တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားသည့် ရှမ်းအမျိုးသမီးဖြစ်သူ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရန် တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) အဖွဲ့ကလည်း ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် စက်တင်ဘာလ ၁၇ ရက်ကလည်း နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နန့်ခမ်းမြို့ ဒေသခံ ထောင်နှင့်ချီကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

တအာင်း ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က ၎င်းတို့ ဖမ်းဆီးထားသည့် နန်းမိုဟွမ်သည် TNLA အကောက် အခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန်ထမ်းဆောင်နေစဉ် အပြင်းအထန် ထိခိုက်သေဆုံးသည်အထိ ဝတ္တရား နှောင့်ယှက်မှု ကျူးလွန်ထားပြီး TNLA အဖွဲ့၏ ဥပဒေအရ တရားစီရင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။  

J-08


  • VIA