News

POST TYPE

POLITICAL

တိုင်းနှင့် ပြည်နယ် အားလုံးတွင် အဂတိတိုက်ဖျက်ရေးကော်မတီများ ဖွဲ့စည်းမည်ဟု သမ္မတပြော
07-Oct-2018
မကွေး၊ အောက်တိုဘာ ၆

တရားဥပဒေစိုးမိုးပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်စေရန် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီများ ဖွဲ့စည်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

အောက်တိုဘာ ၆ ရက်နေ့က မကွေးမြို့တော်ခန်းမတွင် ကျင်းပသည့် သမ္မတဦးဝင်းမြင့်နှင့် မကွေးတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ့်တိုင်းထဲမှာဆိုရင်တော့ ခရေစေ့တွင်းကျ သိနိုင်မယ်။ ဗဟိုမှာကျတော့ ဝေးနေတယ် မမြင်၊ မသိ၊ မကြားရတာတွေရှိတယ်။ ဒါကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တွေဖွဲ့မယ်။ ဘာလို့ အဲဒီလိုလုပ်လဲဆိုရင် အဂတိကင်းစင်တဲ့လူ့အဖွဲ့အစည်းဖြစ်မှ ဖွံ့ ဖြိုးတိုးတက်မယ်၊ ငြိမ်းချမ်းသာယာမယ်၊ တရားဥပဒေစိုးမိုးမှုကို အပြန်အလှန်ချိတ်ဆက်နိုင်မယ်”ဟု သမ္မတက ဆိုသည်။

ထိုသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးပြုလုပ်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO များ၊ CSO များနှင့် မီဒီယာများမှလည်း ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး လတ်တလော နိုင်ငံအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် ဗဟိုတစ်ခုတည်းသာရှိသည့်အတွက် တိုင်ကြားစာများ စိစစ်ရာတွင် အခက်အခဲများဖြင့် ကြုံတွေ့နေရကြောင်း ဦးဝင်းမြင့်က ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်များအနေနှင့် နေရာအနှံ့ အကုန်မသိနိုင်သဖြင့် ပြည်သူများက ဖော်ထုတ်ပေးမှသာ သိရမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လုပ်ပိုင်ခွင့်ရရှိနေသူများက အဂတိလိုက်စားမှုများတွင် ပါဝင်ပတ်သက်နေပါက အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်များ ဖွဲ့စည်းမည်ကိုကြိုဆိုကြောင်း ရေနံချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားသည်။

“အားလုံးသိတဲ့အတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့ရတာ တရားရေးမဏ္ဍိုင်တည့်မတ်ဖို့ပါ။ အဂတိလိုက်စားမှုကို ထိန်းလို့မရဘူး။ အဲဒါ ကိုစစ်ဆေးဖို့ နေပြည်တော်ကချည်း မနိုင်ဘူး။ ရုံးခွဲတွေ ထပ်ဖွင့်မှာကို ကြိုဆိုပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောဆိုသည်။

အဆိုပါပွဲတွင် သမ္မတကြီးက မူးယစ်ဆေးဝါးအမှုများကို ထိထိရောက်ရောက် နှိမ်နင်းလျက်ရှိပြီး အဆိုပါအမှုများနှင့် ဆက်စပ်နေသည့် အုပ်ချုပ်ရေးပိုင်းများ၊ ရဲတပ်ဖွဲ့ဝင်များကိုလည်း ငဲ့ညှာခြင်းမရှိဘဲ အရေးယူနေကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားသည်။ 

“ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူး။ တချို့က မူးယစ်ဆေးဝါးကိုသိရက်နဲ့ မဖမ်းဘဲထားပြီး မျက်နှာလွှဲပြီးမလုပ်ဘူးဆိုရင် အရေးယူမယ်။ ထို့အတူ ဖမ်းပြီး ကွင်းဆက်တွေကို ဖျောက်မယ်ဆိုရင်လည်း အရေးယူမယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတွေ့ဆုံပွဲတွင် သမ္မတကြီးက လယ်ယာမြေပြဿနာများနှင့် ပတ်သက်၍ အမှန်တကယ်နစ်နာပြီး မတရား အသိမ်းဆည်းခံရသည့် ပြည်သူများထံ ပြန်လည်ပေးအပ်ရန် ပြောကြားခဲ့သည်။

R-23



  • VIA