News

POST TYPE

POLITICAL

စစ်တွေထောင် ဆူပူမှုဖြစ်၊ ထောင်အပြင်တွင် ရဲတပ်ဖွဲ့ လုံခြုံရေး တိုးမြှင့်
07-Oct-2018


စစ်တွေ၊ အောက်တိုဘာ ၆

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကျဉ်းထောင်၌ အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်း ၈ နာရီကျော်မှစ၍ အကျဉ်းသားများ ဆူပူအော်ဟစ်မှုများ ဖြစ်ပေါ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကျဉ်းထောင် ပြင်ပဧရိယာအတွင်းတွင် တင်းကျပ်စွာ ချထားခဲ့ရသည်။

အကျဉ်းသားအချို့က အကျဉ်းထောင် ဝန်ထမ်းတစ်ဦးအား ဝိုင်းရိုက်မှုဖြစ်ပွားကြောင်း၊ ယင်းနောက် ဆူပူအော်ဟစ်သံများ ကြားရကြောင်း အနီးပတ်ဝန်းကျင်ရှိ နေထိုင်ကြသူများက ဆိုကြသည်။

“ကျွန်မ ယောကျာ်းကို မနက် ထောင်ဝင်စာသွားတွေ့တဲ့အချိန် ၈ နာရီ လောက်မှာ အော်သံတွေ၊ သံချောင်းခေါက်သံတွေ ကြားခဲ့ရတယ်”ဟု အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ အထဲမှ ဘာဖြစ်လဲ ဆိုတာတော့ မသိဘူး။ လုံခြုံရေး လာယူပေးတာပဲရှိတယ်။ အထဲလည်းမဝင်ပါ၊ နောက်တော့ တာဝန်ရှိသူတွေ ပြောပြပါလိမ့်မယ်”ဟု ရဲအရာများက ဆိုကြသည်။

အကျဉ်းထောင်ဗူးဝရှေ့တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိကြပြီး လုံခြုံရေးယူနေကြစဉ် မွန်းလွဲပိုင်းအချိန်၌ ပြန်လည်ကာ အကျဉ်းသားအောင်ဟစ်သံများ ထွက်ပေါ်လာချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကလည်း ထိတ်လန့်သံပေးကြကြောင်းနှင့် ထောင်ရှေ့မှာ လူစုလူဝဲ ဖြစ်ပေါ်လာသဖြင့် ထောင်ဗူးဝရှေ့မှ ကိုက် ၂၀၀ ခန့်အကွာမှာ သံဆူးကြိုးများ တားမြစ်ခဲ့ကြသည်။

ထောင် ဆူပူမှုဖြစ်ပွားရသည် အကြောင်းအရင်းနှင့် အကျဉ်းသားများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို ညနေ ၆ နာရီအချိန် တာဝန်ရှိသူများက တရားဝင် ထုတ်ပြန်ပေးခြင်း မရှိသကဲ့သို အတည်ပြုမေးမြန်းရန် ဖုန်ခေါ်ဆိုသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမင်းစိုးထံ ဆက်သွယ်မေးမြန်းရာ “ဘာမှ မဖြစ်ဘူး။ အေးဆေးဖြစ်သွားပြီ။ အခု ထောင်လည်းပိတ်သွားပြီ။ ကားမောင်းရင်း နေပြည်တော်ပြန်နေလို့ တိတိကျကျတော့ မသိရသေးဘူး”ဟု ဖြေကြားသည်။

R-22


  • VIA