News

POST TYPE

POLITICAL

နိုင်ငံခြားဘဏ်များကို ပို့ကုန်၊ သွင်းကုန် ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပြုမည်
05-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၄

ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ခွင့်ရရှိထားသော နိုင်ငံခြားဘဏ်များက ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်များအား ဝန်ဆောင်မှုပေးနိုင်မည့် ကုန်သွယ်ရေးဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု (Trade Financing) ကို ယခုနှစ်မကုန်မီ ထပ်မံခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များမှတစ်ဆင့် နိုင်ငံခြားကုမ္ပဏီများကိုသာ ချေးငွေဝန်ဆောင်မှု ခွင့်ပြုပေးထားပြီး ယခုအခါတွင် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှုအသစ်များ ထပ်မံခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒီနှစ်ထဲမှပဲ နိုင်ငံခြားဘဏ်တွေကို အခုကုန်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုအပြင် နောက်ထပ် ဝန်ဆောင်မှုအသစ်တွေ ထပ်ပြီးခွင့်ပြုပေးဖို့ ပြင်ဆင်နေတာတွေ ရှိပါသေးတယ်”ဟု ဗဟိုဘဏ် အကြီးတန်းအရာရှိက ဆိုသည်။

နိုင်ငံခြားဘဏ်များသည် ၎င်းတို့၏ ဝန်ဆောင်မှုကို အသုံးပြုလိုသော လုပ်ငန်းရှင်များကို ပြည်တွင်းဘဏ်များထက် ပိုမိုတင်းကျပ်စွာ စိစစ်ခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် မိမိတို့၏ လုပ်ငန်းပိုင်းဆိုင်ရာကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ထားမှသာ နိုင်ငံခြားဘဏ်များ၏ ဝန်ဆောင်မှုများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ယင်းဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်ကတည်းက ခွင့်ပြုပေးရန် စီစဉ်ခဲ့သော်လည်း ခွင့်ပြုပေးရန် ကြန့်ကြာနေခြင်းဖြစ်သည်။

“အခုက စင်ကာပူက ဘဏ်တွေကို တစ်ဆင့်ခံပြီးလုပ်နေရတာ။ ပြည်တွင်းက နိုင်ငံခြားဘဏ်တွေကနေ တိုက်ရိုက်လုပ်လို့ ရလာမယ်ဆိုရင် ငွေရေးကြေးရေးကိစ္စတွေအတွက် ပိုလွယ်ကူလာနိုင်တယ်။ နိုင်ငံခြားငွေကြေးစီးဝင်မှုကို ဖွင့်ပေးလိုက်သလို ဖြစ်သွားတဲ့အတွက် ငွေရေးကြေးရေး အခက်အခဲကိုလည်း ဖြေရှင်းနိုင်မယ်လို့ထင်တယ်”ဟု ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဗဟိုဘဏ်က စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယားနှင့် အခြားနိုင်ငံများမှ ဘဏ် ၁၃ ခုကို ပြည်တွင်း၌ ဘဏ်ခွဲဖွင့်ခွင့်ပြုထားသည်။ 

J-01


  • VIA