News

POST TYPE

POLITICAL

ဒလတံတားဆောက်ရန် ဒီဇင်ဘာ ၁ရက် ပန္နက်ရိုက်မည်
04-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၃

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးအဖြစ် ဆောင်ရွက်မည့် ရန်ကုန်-ဒလမြစ်ကူး တံတား စတင်တည်ဆောက်ရန် ဒီဇင်ဘာလ ၁ ရက်တွင် ပန္နက်ရိုက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဒလတံတားရေလယ်တိုင် နှစ်ခုကြားအကျယ်ကို ၃၂၀ မီတာမှ ၃၇၀ မီတာ ပြန်လည်ချဲ့သည့်အတွက် ဒီဇိုင်းပုံစံ ပြန်လည်ပြင်ဆင်တည်ဆောက်ရေးအတွက် လိုအပ်သည့် ကိုရီးယားနိုင်ငံမှ ချေးငွေဒေါ်လာသန်း ၂၀ ကို စက်တင်ဘာလ တတိယပတ်ကရရှိပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“လောလောဆယ်တော့ တံတား တည်ဆောက်ဖို့ အစီအစဉ်ဆွဲနေတယ်။ မကြာခင်လည်း ထုတ်ပြန်ကြေညာပေးသွားပါမယ်”ဟု ၎င်းကဆိုသည်။

ဒလတံတား ပန္နက်တင်ခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းတွင် ဒလမြို့နယ်ဘက်ခြမ်းရှိ တံတား တည်ဆောက်မည့် စီမံကိန်းနေရာတွင် 
ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားတွင် မုန့်ဟင်းခါးပိဿာတစ်ထောင် အလှူဒါနပြုလုပ်ကာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောကြားသည်။

ဒလတံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ပန္နက်ရိုက်ပြီးသည်နှင့် စတင်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်-ဒလ မြစ်ကူးတံတားကို လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုးအစားနှင့် တံတား အရှည်မှာ ၆၁၄၄ ပေရှည်လျားမည်ဖြစ်ပြီး အမြင့်ပေ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဒလတံတားစီမံကိန်းအတွက် တောင်ကိုရီးယားနိုင်ငံမှ ပထမသတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းအပြင် ဒီဇိုင်းပြင်ဆင် တည်ဆောက်ရာတွင် လိုအပ်သည့် အမေရိကန်ဒေါ်လာသန်း ၂၀ ကို ကိုရီးယားနိုင်ငံမှ ချေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းကို မြန်မာအစိုးရဘက်က စိုက်ထုတ်ကာ တည်ဆောက်သွားမည်ဖြစ်သည်။

ဒလတံတားအမြန်ဆုံး တည်ဆောက်ရေးအတွက် ဒလမြို့နယ်တွင်နေထိုင်သည့် ဒေသခံပြည်သူများက ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

J-10