News

POST TYPE

POLITICAL

နိုင်ငံရေးနှင့် ကျန်းမာရေးလောကတွင်ထင်ရှားသူ ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်
03-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၃

နိုင်ငံရေးလှုပ်ရှားမှုများနှင့်အတူ ကျန်းမာရေးလောကတွင် ဆေးပညာအသိပေးပညာရပ်များဖြင့် လူသိများထင်ရှားခဲ့သည့် ၁၉၉၀ ရွေးကောက်ခံအမတ် ဒေါက်တာအောင်ခင်ဆင့်သည် အောက်တိုဘာ ၂ ရက်၊ ည ၈ နာရီခွဲခန့်က ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် အမှတ် ၁ မဲဆန္ဒနယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ခဲ့ရာအနိုင်ရခဲ့သည်။ ဆေးပညာရပ်ဆိုင်ရာ ပညာပေး အသံလွှင့်ဆောင်းပါးများအပြင် ဖိုမဆက်ဆံရေး ပညာပေးစာအုပ်များလည်း ရေးသားခဲ့ခြင်းကြောင့် ကျန်းမာရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားခဲ့သည်။

ဒေါက်တာအောင်ခင်ဆင့်သည် ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်အရွယ်ရှိပြီး မကွေးတိုင်း ပခုက္ကူမြို့ဇာတိဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်မှ ဆေးပညာဘွဲ့ရရှိပြီး ဗြိတိန်နိုင်ငံမှ ပြည်သူ့အကျိုးပြုဆေးပါရဂူဘွဲ့နှင့် ဆေးဘက်ဆိုင်ရာ တော်ဝင်ဘွဲ့တို့ကိုလည်း ရရှိထားသည်။ ၁၉၇၂ ခုနှစ်တွင် ကာကွယ်၍ကုသနည်းဆေးပညာစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သည့် ဆရာဝန်စာရေးဆရာတစ်ဦးလည်းဖြစ်သည်။

၁၉၈၈ အရေးအခင်းကာလ ပတ်ခတ်မှုများကြောင့် ဒဏ်ရာရသူများကိုပြုစုကုသပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများသမဂ္ဂတွင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူခဲ့၍ စစ်အစိုးရလက်ထက် ပင်စင်ပေးခံခဲ့ရသည်။ ဒေါက်တာအောင်ခင်ဆင့်သည် ပညာရှင်တစ်ဦးဖြစ်သော်လည်း သာမန်လူများကဲ့သို့ အနေအထိုင် ရိုးဖြောင့်ပြီး ကြွားဝါခြင်းကင်းသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများပြီး နိုင်ငံရေးနှင့်ဆေးပညာလောကတွင် လူအများလေးစားခြင်း ခံရသူတစ်ဦးဖြစ်သည်။

J-14