News

POST TYPE

POLITICAL

ကွတ်ခိုင်မြို့နယ် မန်ပြိန်းရွာမှ ဒေသခံ ၂၀၀ ကျော် တိမ်းရှောင်
01-Oct-2018


သိန်းနီ၊ အောက်တိုဘာ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မန်ပြိန်းကျေးရွာမှ ဒေသခံ၂၀၀ ခန့်သည် သိန်းနီမြို့ရှိ ကချင်နှစ်ခြင်းအသင်းတော်တွင် လာရောက်ခိုလှုံလျက်ရှိကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။

မန်ပြိန်းကျေးရွာမှ ဒေသခံ ၂၀၀ ခန့်သည် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် သိန်းနီမြို့၊ ရပ်ကွက် ၃ ရှိ ကချင်နှစ်ခြင်း အသင်းတော်သို့ရောက်ရှိကာ ခိုလှုံနေခြင်းဖြစ်ပြီး ထွက်ပြေးလာသူများမှာ အမျိုးသား ၆၅ ဦး၊ အမျိုးသမီး ၁၂၈ ဦး စုစုပေါင်း ၁၉၃ ဦးဖြစ်ကြောင်း ယင်းအသင်းတော်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အသက်ကြီးသူတွေရော ကလေးတွေရော ပါတယ်။ ရောက်လာတော့လည်း ကျောင်းမှာ နွေးနွေးထွေးထွေး စောင့်ရှောက်ထားပါတယ်။ ဒဏ်ရာရထားတဲ့ ကလေးမလေးတစ်ယောက်ကိုတော့ ဆေးရုံပို့ပေးထားပါတယ်”ဟု ၎င်းကပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့က ပြည်ထောင်စုလမ်းပိုင်း မန်ပြိန်းကျေးရွာနှင့် နမ့်အွန်ကျေးရွာအနီးတို့တွင် TNLA လက်နက်ကိုင်အဖွဲ့များက ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်ကြီး၊ ယာဉ်ငယ်များနှင့် ခရီးသည် ပို့ဆောင်ရေးယာဉ်များကို ဆက်ကြေး ကောက်ခံနေခဲ့ရာ တပ်မတော်စစ်ကြောင်းက လာရောက်ရှင်းလင်းစဉ် TNLA လက်နက်ကိုင်များမှာ မန်ပြိန်းကျေးရွာအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများကို ပြန်လှန်ပစ်ခတ်ရာမှ မန်ပြိန်းကျေးရွာအတွင်း လက်နက်ကျရောက်ထိမှန်ခြင်းများ ရှိသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ပြီး သိန်းနီမြို့သို့ လာရောက် တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“မနက် ၁၀ နာရီ(စက်တင်ဘာ ၂၉) လောက်မှာ သူတို့ပစ်ကြတယ်လေ။ အိမ်ခေါင်မိုးကိုထိတာ သမီးကိုကျည်ထိလို့ ပြုတ်ကျလာတဲ့ သစ်သားစတွေထိပြီး ဒဏ်ရာနည်းနည်းရတယ်။ သိန်းနီရောက်တော့ ဘုရားကျောင်းက တာဝန်ရှိသူတွေက ဆေးရုံပို့ပေးထားတယ်။ အခုထိဆေးရုံမှာ ဒဏ်ရာကတော့ မများပါဘူး”ဟု မန်ပြိန်းကျေးရွာဒေသခံ ဒေါ်မာကော့က ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီခန့်မှစ၍ ကွတ်ခိုင်မြို့နှင့် ရှစ်မိုင်ခန့်အကွာရှိ မန်ပြိန်းကျေးရွာအနီးတွင် TNLA လက်နက်ကိုင်အဖွဲ့က ပြည်ထောင်စုလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ကျပ်တစ်သိန်းမှ ငါးသိန်းအထိ ဆက်ကြေးငွေကောက်ခံခဲ့ပြီး ငွေမပေးနိုင်သည့်ယာဉ်များကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ဆက်ကြေးကောက်ခံမှုကြောင့် ပြည်ထောင်စုလမ်းအပိုင်းတွင် ယာဉ်အသွားအလာများ ပြတ်တောက်ခဲ့ကာ ည ၇ နာရီနောက်ပိုင်း အဆိုပါ လက်နက်ကိုင်အဖွဲ့များ ဆုတ်ခွာရှင်းလင်းချိန်မှသာ ယာဉ်များ ပြန်လည်သွားလာနိုင်ခဲ့ကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

“ကားတွေက သိကြတာနဲ့ တစ်ပြိုင်တည်း ရောက်နေတဲ့နေရာမှာ ကိုယ့်ဟာကိုယ် ရပ်နေလိုက်ကြတာပါ။ ဘယ်သူကမှမသွားနဲ့လို့ တားထားတာမျိုး မဟုတ်ပါဘူး။ အပေါ်မှာ သူတို့နဲ့တွေ့တဲ့ ကားသမား အချင်းချင်း ဖုန်းနဲ့ သတင်းပို့ကြတော့ သိကြတာနဲ့ ရပ်နေကြတာ”ဟု အဆိုပါလမ်းပိုင်းတွင် သွားလာနေသည့် ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

ယင်းသို့ TNLA လက်နက်ကိုင်အဖွဲ့က လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းပိုင်းတွင် မော်တော်ယာဉ်များကို ဆက်ကြေးငွေ ကောက်ခံနေသဖြင့် တပ်မတော်စစ်ကြောင်းက နယ်မြေ လိုက်လံရှင်းလင်းခဲ့ရာ လက်နက်ကြီး ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ လမ်းပိုင်းတွင် စက်တင်ဘာလ ၂၉ ရက်နေ့က မော်တော်ယာဉ်များ အသွားအလာ ရပ်ဆိုင်းခဲ့သည်။

R-07