News

POST TYPE

POLITICAL

အခြေခံဥပဒေကြောင့် ဝန်ကြီးချုပ်နေရာ ရခိုင်ပါတီများ မရဟု SNLD အထွေထွေ အတွင်းရေးမှူးပြော
30-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၃၀

၂၀၀၈ အခြေခံဥပဒေ၏ အကျိုးသက်ရောက်မှုကြောင့် နိုင်ငံရေးစနစ်အရ ပြည်နယ်အစိုးရ၌ ဝန်ကြီးချုပ်ကဲ့သို့ နေရာမျိုးကို ရခိုင်ပါတီများမှ မရခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အထွေအထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မီလီယာဟိုတယ်၌ စက်တင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် ရခိုင်အရေး ဘယ်လိုအဖြေရှာမလဲ ဟူသော ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးစနစ်က အစိုးရဆိုရင် ရခိုင်ပါတီတွေ မပါကြဘူး။ ဝန်ကြီးချုပ်ဆို ရခိုင်ပါတီတွေ မရဘူး။ အခြေခံဥပဒေရဲ့ အကျိုးသက်ရောက်မှုပေါ့။ ဒါတွေ ပြင်မယ်။ စပြီးတော့ပေါ့။ အဓိကတော့ ဆွေးနွေးပွဲတွေပဲ”ဟု ၎င်းကဆိုသည်။

ထို့အပြင် ဘင်္ဂါလီနှင့် ရခိုင်တိုင်းရင်းသားများ ယှဉ်တွဲနေထိုင်ပါက ဘင်္ဂါလီအချို့နှင့် ပြဿနာရှိနိုင်သော်လည်း ဘင်္ဂါလီတိုင်းဖြင့် ပြဿနာမဟုတ်ဟု ထင်မြင်ကြောင်း၊ ယင်းသို့ အခြေခံတွေးပါက အဆင်ပြေမည်ဖြစ်သော်လည်း ဘင်္ဂါလီတိုင်းဖြင့် အဆင်မပြေဟု တွေးပါက အဆင်ပြေနိုင်မည် မဟုတ်ကြောင်း ၎င်းက ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ သုံးသပ်ပြောဆိုသည်။ 

အဆိုပါဆွေးနွေးပွဲကို ယခုနှစ် သြဂုတ်လက ရခိုင်အရေး ဘယ်လို အဖြေရှာမလဲဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ၊ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် အပါအဝင် လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့ဖြင့် ဆွေးနွေးရန် စီစဉ်ထားသော်လည်း မြို့နယ်အဆင့် ထွေ/အုပ်ထံ ခွင့်ပြုမိန့် မတင်ဟုဆိုကာ ကျင်းပခွင့်ပိတ်ပင်ခဲ့ပြီး စက်တင်ဘာလ ၃၀ ရက်၌ ပြောင်းလဲ ပြုလုပ်ရခြင်းဖြစ်သည်။ 

ယင်းအကြောင်းအရာနှင့်ပတ်သက်၍ မှတ်ချက်တောင်းခံရန် ဆက်သွယ်ရာ ပေါက်တော မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ဟောပြောပွဲရှိနေခြင်းကြောင့် လတ်တလော ဖြေကြားရန် မလွယ်ကြောင်း ပြောဆိုသည်။ 

အလားတူ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ပုဏားကျွန်း၊ ကျောက်တော်စသော ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် လူမှုအဖွဲ့အစည်းဖြစ်သည့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဒေါ်စောခင်တင့်ထံ မှတ်ချက်တောင်းခံရန် ဆက်သွယ်သော်လည်း အသီးသီး လက်ကိုင်ဖုန်း စက်ပိတ်ပြီး ဖုန်းအချို့မှာ ဆက်သွယ်ရသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

J-17