News

POST TYPE

POLITICAL

ဒီမိုကရေစီ မီးရှူးတန်ဆောင်မှ လူမျိုးသုဉ်းသတ်ဖြတ်မှု ကြံရာပါဘဝရောက်လာရသော ဒေါ်အောင်ဆန်းစုကြည်
29-Sep-2018


ဒေးဗစ်အိုင်၊ စတိန်းဘာ့ဂ်ရေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုင်ငံတကာဂုဏ်သတင်းထက် သူ့တိုင်းပြည်အရေးကို ပိုအလေးထားခြင်း ဖြစ်နိုင်သော်လည်း ဘင်္ဂါလီ မွတ်ဆလင်များအပေါ် တပ်မတော်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့သည်ဆိုသော စွဲချက်များကို လက်မခံ ပယ်ချနေခြင်းမှာ အနာဂတ်မြန်မာနိုင်ငံကို ခြောက်လှန့်လာနိုင်သည်ဟု စာရေးသူ ဒေးဗစ်အိုင်၊ စတိန်းဘာ့ဂ်က သုံးသပ်ထားသည်။

“ဒီထက်ပိုကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့သင့်တယ်”ဆိုသောမှတ်ချက်မှာ ခေတ်ပြိုင်ကမ္ဘာ၏ အပျက်အစီးအကြီးဆုံး အဖြစ်ဆုံးများအနက်မှ တစ်ခုနှင့်ပတ်သက်၍ ပူပန်မိသော နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ အားမလိုအားမရအဖြစ်ဆုံး မှတ်ချက်စကားဖြစ်နိုင်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (နိုင်ငံတကာမှ ဝန်ကြီးချုပ်ရာထူးမျိုးနှင့် ဆင်တူသည်)၊ နိုင်ငံ၏ အရပ်ဘက်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်သို့ တရားဝင်နိုင်ငံတော်ခရီးစဉ်အတွင်း နိုင်ငံမဲ့ ဘင်္ဂါလီမွတ်ဆလင်များအပေါ် မြန်မာတပ်ဖွဲ့များက ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့ကြသည်ဆိုသောစွဲချက်ကို လူသိရှင်ကြားပယ်ချခဲ့သည်။ 

လူမျိုးရေး၊ ဘာသာရေးအရ စနစ်တကျဖိနှိပ် သတ်ဖြတ်မှု (Pogrom) ဟု ဆိုနိုင်သော ဖြစ်စဉ်တွင် ဘင်္ဂါလီမွတ်ဆလင် ၇၀၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး ခန့်မှန်းခြေ ၁၀,၀၀၀ ခန့် သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ အစုလိုက် မုဒိမ်းကျင့်မှုများ၊ ကလေးများကို သတ်ဖြတ်မှုများပါ မှတ်တမ်းတင်ထားနိုင်သည်ဟု ဆိုသည်။

ယင်းမှာ ၁၅ နှစ်တာမျှ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့်အကြားမှ စစ်အစိုးရကို တော်လှန်ရုန်းကန်ခဲ့သော၊ အနောက်ကမ္ဘာက ဒီမိုကရေစီ ပြယုဂ်အဖြစ် အလေးထားခံရသော နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်၏ ရပ်တည်ချက်ဖြစ်နေသည်။

ဒီမိုကရေစီ ပြယုဂ်တစ်ခုအဖြစ် သူ့ကို မသတ်မှတ်စေချင်ကြောင်း၊ သူ့တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံ ပုံစံတစ်ခု ဖြစ်လာရေး ရေရာစွာမသိနိုင်သော လမ်းကြောင်းမှ ကြိုးစားနေရသည့် နိုင်ငံရေးသမားတစ်ယောက်ဟုသာ မှတ်ယူစေချင်သည်ဆိုသော ဒေါ်စု၏ စကားသည်လည်းမှန်ပါသည်။ သို့သော်လည်း ဒေါ်စုသည် သူ့သတ္တိ၊ ဒီမိုကရေစီအတွက် သူ့သန္နိဋ္ဌာန်ကြောင့် နိုင်ငံတကာမျက်နှာစာတွင် ထင်ရှားတောက်ပြောင်ခဲ့ခြင်းဖြစ်ပြီး မြားမြောင်လှသော နိုင်ငံတကာဆုများ ရရှိခဲ့ခြင်းဖြစ်ပါသည်။

သို့သော်လည်း ဒေါ်စုသည် ယခုအခြေအနေအထိ အမေရိကန်နှင့် ကုလသမဂ္ဂတို့က ခေါ်ဝေါ်သော လူမျိုးရေးရှင်းလင်းမှု၊ အချို့က လူမျိုးသုဉ်းသတ်ဖြတ်မှုဟုပင် မှတ်ယူကြသည့် ကိစ္စကို လက်မခံပယ်ချနေဆဲဖြစ်သည်။ သူ၏ အာရုံမစိုက်မှု၊ ဘင်္ဂါလီမွတ်ဆလင်များ၏ အတိဒုက္ခနှင့်ပတ်သက်၍ လမ်းကြောင်းလွဲစေသော အများပြည်သူထံ ကြေညာချက်များ ထုတ်ပြန်မှုတို့သည် သူ၏ နိုင်ငံတကာ ဂုဏ်သတင်းကို ပျက်စီးစေသလို၊ ပြည်ပအနောက်ကမ္ဘာ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကိုပါ ကျဆင်းစေပြီး၊ သူ့နိုင်ငံ၏ ဂုဏ်သိက္ခာပါ နွံနစ်သွားစေပြီး ပြန်လည်လွတ်မြောက်ရန်မှာ ရှည်လျားခက်ခဲကြမ်းတမ်းသွားစေနိုင်ပါသည်။

ဒီမိုကရေစီနှုန်းစံများမှ ကြောက်စရာကောင်းလောက်အောင် ထွက်ပြေးသွားမှုအပေါ် ထပ်ပေါင်းသွားသည့်ကိစ္စမှာ ဘင်္ဂါလီမွတ်ဆလင်များအပေါ် စစ်ဘက်က နှိမ်နင်းမှုများတွင် ဖြစ်ပေါ်ခဲ့သော ကြောက်စရာဖြစ်စဉ်တစ်ရပ်ကို သတင်းပို့မှုအတွက် မြန်မာနိုင်ငံသား ရိုက်တာဂျာနယ်လစ်နှစ်ဦးကို ရုံးတင်စစ်ဆေးပြီး ထောင်ခုနစ်နှစ် ချမှတ်လိုက်ခြင်းမှာ ဥပဒေနှင့်လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဆိုသော ရပ်တည်ချက်ဖြစ်သည်။

ကိုလိုနီခေတ်က နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့်အညီ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့ခြင်းဖြင့် ယခင်က အမြဲမပြတ် တိုက်တွန်းပြောဆိုခဲ့သော “တရားဥပဒေစိုးမိုးမှု” ဆိုသော စကားလုံးကိုပါ အဓိပ္ပာယ်မဲ့သွားစေခဲ့သည်။ သတင်းထောက်နှစ်ဦးမှာ ပစ္စည်းချပြီး အမှုဆင်ခံရခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက အရိပ်အမြွက် ပြောခဲ့သေးသည်။ တရားရုံးများမှာ လွတ်လပ်ပြီး အမှီအခိုကင်းသည်ဟု မဆိုနိုင်။

ဘင်္ဂါလီမွတ်ဆလင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂလိကအမြင်မည်သို့ပင် ဖြစ်စေကာမူ၊ ၎င်းတို့အပေါ် ဖိနှိပ်မှုကို လူများစု ဗုဒ္ဓဘာသာအများစုက မည်သို့ပင် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြစေကာမူ၊ ဒေါ်စုအနေနှင့် အရပ်သားလွှမ်းမိုးသော ဥပဒေပြုလွှတ်တော်နှင့် အကျပ်ကိုင်နိုင်သော လမ်းကြောင်းအားလုံးကို ထိန်းချုပ်ထားပြီး အစိုးရအဆင့်၏ အောက်အဆင့် အုပ်ချုပ်ရေးအားလုံးကို ချုပ်ကိုင်ထားသည့် စစ်တပ်အကြားတွင် သိမ်မွေ့သော မျှခြေတစ်ရပ်ကို ထိန်းသိမ်းရန်ကြိုးပမ်းသင့်သည်ကတော့ အမှန်ပင်ဖြစ်သည်။ 

အကယ်၍ ဒေါ်စုကသာ စစ်ဘက်ကို ဝေဖန်လွန်းပါလျှင်၊ အခြေခံဥပဒေအရ ဥပဒေနည်းလမ်းများနှင့်အညီ စစ်ဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီး ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုဆီသို့ ဦးတည်သွားနိုင်ပါသည်။ 



  • VIA