News

POST TYPE

POLITICAL

NLD ပါတီဝင်များ ညီညွတ်ကြရန် ဦးဉာဏ်ဝင်း သတိပေး
28-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၂၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ကိုယ်စားလှယ်များအနေနှင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ညီညီညွတ်ညွတ်ဖြတ်သန်းကြရန် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပါတီတည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတည်ထောင်သည့် နှစ် ၃၀ ပြည့် ပုလဲရတုအခမ်းအနားကို ပါတီဌာနချုပ်ဖြစ်သည့် ရွှေဂုံတိုင်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ သံတမန်အချို့လည်း တက်ရောက်ခဲ့ကြသည်။

လက်ရှိတွင် အစိုးရအဖွဲ့ဖွဲ့ထားသည့် NLD ပါတီကို ပြင်ပပုဂ္ဂိုလ်များက NLD သည် ယခင်နှင့်မတူတော့ဘဲ ပါတီတွင်း အစိတ်စိတ်ကွဲနေသည်ဟု ပြောဆိုမှုများရှိနေပြီး ပါတီပုံရိပ်ထိန်းသိမ်းကာ ကြားဖြတ်ရွေးကောက်ပွဲကို ညီညီညွတ်ညွတ်ဖြတ်သန်းကြရန် ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“ကျွန်တော်တို့ နှစ်သုံးဆယ်လုံး ရုန်းကန်လှုပ်ရှားကြတဲ့အခါမှာ အမြဲတမ်း ကျွန်တော်တို့ အချင်းချင်းကြားမှာ ပြောဆိုဆွေးနွေး ငြင်းခုံရန်ဖြစ်ကြတာရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ စည်းစည်းလုံးလုံး ဖြစ်ပါတယ်၊ မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပုံရိပ်အတိုင်းပဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြတ်သန်းကြပါလို့ ပြောကြားလိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။

NLD ပါတီ၏ နှစ်သုံးဆယ်ပြည့်တွင် ပါတီက ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး NLD ပါတီ၏ နှစ်သုံးဆယ်ကြာ ဖြတ်သန်းမှုအပေါ် ဆင်ခြင်သုံးသပ်ကာ မည်သည့်စိန်ခေါ်မှု အကျပ်အတည်းပင် ကြုံတွေ့ရသော်ငြားလည်း NLD ပါတီ၏ နိုင်ငံရေးခံယူချက် သွေဖည်သွားမည်မဟုတ်ဘဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုံးဝအောင်မြင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပါတီ နှစ် ၃၀ ပြည့်အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ အဖွဲ့တို့မှလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး ယင်းသဝဏ်လွှာများ မှတ်တမ်းတင်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပါတီဖွဲ့စည်းစဉ်က ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် သူရဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဒေါ်အောင်ဆန်းစုကြည်တို့က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ 

J-08