News

POST TYPE

POLITICAL

မော်လဒိုက်သမ္မတ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင်အနိုင်ရရှိ
25-Sep-2018

မယ်လီ၊ စက်တင်ဘာ ၂၄ 

အပန်းဖြေနှင့် ဟန်းနီးမွန်းခရီးစဉ်များအတွက် ကမ္ဘာလှည့်ခရီးသည်အများစု သွားရောက်လည်ပတ်လေ့ရှိသော အိန္ဒိယ သမုဒ္ဒရာတွင်းမှ မော်လဒိုက်ကျွန်းနိုင်ငံတွင် ယမန်နေ့က ကျင်းပပြုလုပ်သည့် သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် အီဘရာဟင်မိုဟာမက်ဆိုလစ်နှင့် သမ္မတ အပ္ပဒူလာယာမန်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ အီဘရာဟင် မိုဟာမက်က ပွတ်ကာသီကာ ကပ်နိုင်သွားကြောင်း သတင်းဌာနများက ရေးသားဖော်ပြထားသည်။ 

မဲရေတွက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင် အီဘရာဟင် မိုဟာမက်ဆိုလစ်က သမ္မတ အပ္ပဒူလာယာမန်အနေနှင့် မဲရလဒ်များကို အသိအမှတ်ပြုရမည်ဖြစ်သလို အာဏာလွှဲပြောင်းမှုချောမွေ့အောင် အသေအချာ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း တိုက်တွန်းပြောဆိုလိုက်သည်။ 

အီဘရာဟင် မိုဟာမက်ဆိုလစ်က ရွေးကောက်ပွဲအောင်မြင်မှုနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် “ဒါဟာ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့အချိန်၊ သမိုင်းတွင်တဲ့အချိန်ကာလပါပဲ”ဟု ပြောကြားသည်။ 

“သမ္မတအပ္ပဒူလာယာမန်အနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို အသိအမှတ်ပြု လေးစားဖို့၊ ငြိမ်းချမ်းမှုရှိပြီး ချောမွေ့တဲ့ အာဏာလွှဲပြောင်းပေးမှုဖြစ်အောင် ဖန်တီးပေးဖို့ ကျွန်တော်တိုက်တွန်းပါတယ်”ဟုဆိုပြီး “ပြည်သူတွေပြောလိုက်တဲ့ သတင်းစကားကတော့ ရှင်းပါတယ်၊ သူတို့ တရားမျှတမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတယ်၊ တာဝန်ခံမှုကို လိုလားတယ်ဆိုတာပါပဲ”ဟု ပြောကြားသည်။ 

တနင်္ဂနွေနေ့ကကျင်းပပြုလုပ်သည့် မော်လဒိုက်ရွေးကောက်ပွဲသည် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အရေးကြီးသည့် စမ်းသပ်ချက်တစ်ရပ်အဖြစ် လေ့လာစောင့်ကြည့်သူများက ဆိုကြသလို မဲမသမာမှုများလည်း ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုခြင်းခံခဲ့ရသည်။ 

မော်လဒိုက်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ရာတွင် “ကျွနု်ပ်တို့၏ ရေတွက်မှုများအရ အတိုက်အခံခေါင်းဆောင် အီဘရာဟင်မိုဟာမက်ဆိုလစ်သည် ၂၀၁၈ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည်ဟု ကြေညာ၍ရနိုင်ကြောင်း ယုံကြည်ပါသည်”ဟု ဖော်ပြသည်။ 

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကမူ အဆိုပါမဲရလဒ်မှာ အတည်ပြု၍ရကြောင်း ထုတ်ပြန်ကြေညာသည်။ 

မော်လဒိုက်နိုင်ငံတွင် သမ္မတအပ္ပဒူ လာယာမန် ဦးဆောင်သောအစိုးရအဖွဲ့သည် ပြိုင်ဘက်နိုင်ငံရေးအင်အားစုများစွာကို ဖမ်းဆီးချုပ်နှောင်ထားသည်။ ယင်းသို့ ဖမ်းဆီးခံရသူများထဲတွင် အပ္ပဒူလာယာမန်၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ မူမွန်အပ္ပဒူဂေယွန်လည်း ပါဝင်သည်။ 

မော်လဒိုက်ကျွန်းနိုင်ငံတွင် လူဦးရေ သုံးသိန်းခွဲနီးပါးရှိသည့်အနက် လေးပုံတစ်ပုံမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိကြသည်။ 

မော်လဒိုက်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံရသော သမ္မတ မိုဟာမက်နာဟိ ရာထူးမှဖယ်ရှားခံလိုက်ရပြီးနောက် နိုင်ငံရေးမတည်မငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်တွင်းမီဒီယာများ၏ ရေးသားဖော်ပြချက်အရ ရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူသည် မဲရလဒ်နှင့်ပတ်သက်၍ ထင်မြင်သုံးသပ်ချက် မပေးသေးပေ။ 

F-01