News

POST TYPE

POLITICAL

ပြည်ထဲရေးစာရင်းမဝင်သည့် မြဝတီရှိကျေးရွာ၌ မှတ်ပုံတင်များလုပ်ပေးမည်ဟု နယ်လုံဝန်ကြီးဆို
25-Sep-2018
ဘားအံ၊ စက်တင်ဘာ ၂၄

ပြည်ထဲရေးဝန်ကြီးဌာန စာရင်းတွင် ပါဝင်ခြင်းမရှိသည့် မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စု ကျောက်ခတ်ကျေးရွာတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်စု စာရင်း (၆၆/၆) မရှိသည့် အိမ်ထောင်စုများကို စိစစ်၍ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးမည်ဖြစ်ကြောင်း ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောကြားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ကရင်ပြည်နယ်လွှတ်တော်အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် မြဝတီမြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၏ မေးခွန်းကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဖလူးကျေးရွာအုပ်စုနဲ့ ကျောက်ခတ်ကျေးရွာက မြဝတီမြို့တောင်ဘက် (၂၆) မိုင် အကွာမှာတည်ရှိပါတယ်၊ အဲဒီကျေးရွာက ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုထဲ အမည်စာရင်းမပါရှိတဲ့ ကျေးရွာလည်းဖြစ်တယ်၊ ဖလူးကျေးရွာအုပ်စုရဲ့ ၂၀၁၈ ခုရဲ့ ပြုစုထားတဲ့စာရင်းအရ အိမ်ခြေ ၁၀၁ အိမ်၊ အိမ်ထောင်စု ၁၂၃ စု၊ လူဦးရေ ၅၉၄ ဦး ရှိပါတယ်၊ ယခင်ခေတ်တွေက မေးမြန်းစီမံမှု အားနည်းခဲ့တဲ့နေရာဖြစ်တာကိုလည်း တွေ့ရပါတယ်”ဟု ဗိုလ်မှူးကြီး မျိုးမင်းနောင်က ပြောကြားသည်။

ထိုကျောက်ခတ်ကျေးရွာကို ပြည်ထဲရေးစာရင်းတွင် အမည်စာရင်းပါရှိရန်အတွက် မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ပြီးမှသာလျှင် အဆိုပါကျေးရွာရှိ ပြည်သူများကို အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာမှတစ်ဆင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်မရှိလို့ လူမှုရေးကိစ္စတွေနဲ့ သားသမီးတွေရဲ့ ပညာရေးကိစ္စဆောင်ရွက်ရာမှာ အခက်အခဲတွေနဲ့ကြုံတွေ့နေရပါတယ်၊ အဲဒါကြောင့် အဲဒီကျေးရွာမှာ နေထိုင်တဲ့ သူတွေကို အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင်တွေကို ကွင်းဆင်းစစ်ဆေးစိစစ်ထုတ်ပေးသွားရန် ရှိမရှိဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့တာပါ”ဟု မြဝတီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောဆိုသည်။

R-17