News

POST TYPE

POLITICAL

ဘဏ်နှင့် ငွေလဲကောင်တာများ၏ နေ့စဉ်ဒေါ်လာရောင်းဝယ်မှုဗဟိုဘဏ် စောင့်ကြည့်
25-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၂၄

အမေရိကန်ဒေါ်လာဈေး အဆမတန် မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားငွေ တရားဝင် ရောင်းဝယ်ခွင့်ရရှိထားသော ငွေလဲကောင်တာများ၏ နေ့စဉ်အရောင်းအဝယ် လုပ်ဆောင်သောဈေးနှုန်းနှင့် ပမာဏများကို စောင့်ကြည့်လျက်ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဘဏ်အချင်းချင်း ဒေါ်လာရောင်းဝယ်မှုပမာဏနှင့် ဘဏ်များက လုပ်ငန်းရှင်များသို့ရောင်းချသော ဈေးနှုန်းနှင့်ပမာဏများကို ဗဟိုဘဏ်သို့ နေ့စဉ်အွန်လိုင်းစနစ် ဖြင့်တင်ပြရန် ညွှန်ကြားချက်ထုတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

ဘဏ်များက သွင်းကုန်လုပ်ငန်းများကို ဒေါ်လာထုတ်ရောင်းပေးရာတွင်လည်း ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းရောင်းချသော စက်သုံးဆီများအတွက် ငွေပေးချေမှုများကိုသာ အဓိကဒေါ်လာရောင်းချနေမှုများကို တွေ့ရှိရကြောင်း ၎င်းက ရှင်းပြသည်။

လတ်တလောတွင် ဗဟိုဘဏ်က ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို ဖြည့်ပေးရန်နှင့် ဒေါ်လာဈေးနှုန်း မြင့်တက်မှုများကို ထိန်းချုပ်ရန်အတွက် ဇူလိုင်လအတွင်းမှ ယခုစက်တင်ဘာလအထိ နှစ်လကျော်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်အထိ ထုတ်ရောင်းထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။

“ဒေါ်လာဈေး ဆက်တိုက်မြင့်လာပြီး နောက်ပိုင်းက ဗဟိုဘဏ်ကို နေ့စဉ်အရောင်းအဝယ်ကို တင်ပြပေးနေရတယ်။ လက်ရှိ အရောင်းအဝယ်အခြေအနေက မနက်ကတော့ ဈေးနည်းနည်းပြန်ကျတယ်။ ညနေပိုင်းမှာ ပြန်တက်လာတယ်”ဟု ငွေလဲကောင်တာလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် တရားမဝင် ဒေါ်လာရောင်းဝယ်မှုများနှင့် နိုင်ငံခြားငွေ အလုံးအရင်းဖြင့်ဝယ်ယူမှုများကို စိစစ်အရေးယူမည်ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားပြီးနောက်ပိုင်းတွင် ဒေါ်လာဈေးနှုန်း အနည်းငယ် ပြန်ကျဆင်းလာလျက်ရှိသည်။ 

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဒေါ်လာဈေးနှုန်းသည် အနည်းငယ်ပြန်လည်ကျဆင်းလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၅၉၀ ဝန်းကျင်၊ ဘဏ်များတွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၆၀၀ နှင့် ဗဟိုဘဏ်နှုန်းမှာ တစ်ဒေါ်လာ ကျပ် ၁,၅၉၀ ဖြစ်သည်။

J-01


  • VIA