News

POST TYPE

POLITICAL

အခြေခံဥပဒေပြင်နိုင်မှ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဟု လွှတ်တော်သို့ အစိုးရအဖွဲ့ တင်ပြ
20-Sep-2018
နေပြည်တော်၊ စက်တင်ဘာ ၁၉

၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဆွေးနွေးညှိနှိုင်းပြီး အစိုးရက မျှော်မှန်းထားသည့်အတိုင်း တစ်ဆင့်စီ ပြင်ဆင်နိုင်မှသာ အသွင်ကူးပြောင်းရေးကို အာမခံနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက စက်တင်ဘာ ၁၉ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ အစိုးရအဖွဲ့ကိုယ်စား တင်ပြပြောကြားလိုက်သည်။

နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြရန် အစိုးရထံဖိတ်ကြားထားသည့်အတွက် လာရောက်ရှင်းလင်းရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရခြင်း ဖြစ်သည်။

လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် တပ်မတော်၏ အခန်းကဏ္ဍသည် အရေးပါနေကြောင်း ဝန်ကြီးက ပြောကြားခဲ့သည့်အပြင် အားလုံး ဟန်ချက်ညီသော ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုအဖြစ် ခိုင်မာစွာဖြစ်မြောက်လာရန် ကြိုးပမ်းရာတွင် အစိုးရအနေနှင့် စိန်ခေါ်မှုများစွာကို ကျော်ဖြတ်နေရကြောင်း ထည့်သွင်းပြောဆိုသည်။

“အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေပေမယ့်လည်း ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်ကတော့ ပျောက်ပျက်သွားလို့မရပါဘူး” ဟု ဦးကျော်တင့်ဆွေက ပြောကြားသည်။

အစိုးရ၏ ရှင်းလင်းတင်ပြချက်သည် အခြေပြမိန့်ခွန်းသဘောသာရှိပြီး အစိုးရအနေနှင့် ဆောင်ရွက်ချက်များကို တင်ပြသည့်သဘောဟု ထင်မြင်ပြီး အခြေခံဥပဒေပြင်ဆင်ရေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် လိုအပ်နေကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က The Voice သို့ မှတ်ချက်ပြုပြောကြားသည်။

၂၁ ရာစု ပင်လုံညီလာခံတွင် ခွဲမထွက်ရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲရေး ကိစ္စရပ်များကို သဘောတူထားပြီးသော်လည်း ချန်လှပ်ထားခဲ့ရခြင်းကြောင့် ခွဲထွက်ရန်မလိုသည့် ပြည်ထောင်စုဖြစ်လာရန် တိုင်းရင်းသားအားလုံး အကောင်အထည်ဖော်ရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက လွှတ်တော်သို့ တင်ပြပြောကြားသည်။

လက်ရှိအစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး၊ အခွန်ကောက်ခံမှုမျှတရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး စသည့် အခြေခံကျသော ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးနိုင်ရန် လုပ်ဆောင်နေသည့်အပြင် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်ရန် အုပ်ချုပ်ရေးယန္တရား၊ ဈေးကွက်ယန္တရားများကို စနစ်တကျဖြစ်အောင် ပြုပြင်တည်ဆောက်နေရခြင်းသည် ခိုင်မာအားကောင်းသည့် နိုင်ငံတော်ဖြစ်စေရန် တည်ဆောက်နေခြင်းဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားသည်။

အစိုးရအနေနှင့် ၎င်းတို့ပါတီ၏ အခြေခံမူသဘောတရားများကို ချပြပြီး လက်ရှိလုပ်ဆောင်နေသော အချက်အလက်များကို လာရောက်ပြောကြားခြင်းဖြစ်သည့်အတွက် အားရမှုမရှိကြောင်း မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောက သုံးသပ်သည်။

“ကျွန်တော်တို့ မျှော်လင့်သလို ဖြစ်မလာဘူး။ သိပ်မကောင်းဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားနေတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ အမြဲတမ်းပြောသလို ဒီ Team မှာ လူလဲဖို့ ကောင်းပြီပေါ့။ အဖြေမထွက်တဲ့ဟာကြီးကို အရေးကြီးတဲ့ ပေါ်လစီမိန့်ခွန်းအထဲမှာ လာပြောတယ်ဆိုတော့ ဒါ ပေါ့နေသလိုဖြစ်တာပေါ့” ဟု ၎င်းက ပြောကြားသည်။

S-01