News

POST TYPE

POLITICAL

လမ်းဖြတ်ကူး၍ အလုပ်ရှာပေးနိုင်သည်ဟု အလုပ်ရှာသူလူငယ်ကို မက်ခရွန်ပြောကြား
19-Sep-2018


ပဲရစ်၊ စက်တင်ဘာ ၁၈

ပြင်သစ်သမ္မတမက်ခရွန်က အလုပ်လက်မဲ့ ဥယျာဉ်မှူးလူငယ်တစ်ဦးအား ဝန်ထမ်းရှာဖွေနေသော အလုပ်ရှင်များစွာရှိနေသည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပဲရစ်တွင် အခမ်းအနားတစ်ခု၌ အမှတ်တမဲ့တွေ့ဆုံစဉ် ထိုလူငယ်က ၎င်း၏အခက်အခဲကို တင်ပြခဲ့ရာ မက်ခရွန်က “ ငါ လမ်းကူးပြီးတော့ မင်းကိုအလုပ်ရှာပေးနိုင်ပါတယ်” ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

လူငယ်က ၎င်း၏ လျှောက်လွှာကို အလုပ်ရှင်များက အကြောင်းပြန်ခြင်းမရှိဟု ပြန်လည်ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ၁၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီး ဥရောပပျမ်းမျှနှုန်းထက် ကျော်လွန်နေသည်။

အလုပ်လက်မဲ့ပြဿနာနှင့် ပတ်သက်၍ သမ္မတမက်ခရွန်ကကုမ္ပဏီများ ဝန်ထမ်းခန့်အပ်မှုနှင့် ထုတ်ပယ်မှုလွယ်ကူမှုရှိစေရန် ကြိုးစားပေးခြင်း၊ အစိုးရကဏ္ဍကို လျှော့ချပေးခြင်းတို့ဖြင့် တုံ့ပြန်ခဲ့သော်လည်း ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသည်။

ယခင်လကလည်း မက်ခရွန်သည် ရှေးဟောင်းပြင်သစ် ဂေါလ်စ်လူမျိုးများအား ပြုပြင်ပြောင်းလဲရန် ငြင်းဆန်ခဲ့သည်ဟု စွပ်စွဲမှုကြောင့် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသည်။

တနင်္ဂနွေနေ့က ယဉ်ကျေးမှုအခမ်း အနားတစ်ခုသို့ တက်ရောက်လာသော သမ္မတနှင့် အလုပ်လက်မဲ့ဥယျာဉ်မှူးတို့ စကားစမြည်ပြောခြင်းကို မီဒီယာများက မှတ်တမ်းတင်ခဲ့ကြသည်။

“တကယ်လို့ မင်းအနေနဲ့ အဆင်သင့်ဖြစ်မယ်၊ စိတ်အားထက်သန်မှု ရှိမယ်ဆိုရင်ပေါ့။ ဟိုတယ်တွေ၊ ကဖေးတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ ငါသွားသမျှနေရာတွေမှာ လူတွေက ဝန်ထမ်းရှာနေတယ်လို့ပဲပြောကြတယ်” ဟု မက်ခရွန်ကပြောဆိုခဲ့သည်။

“မင်းအလုပ်သမားမှတ်ပုံတင်ကော လုပ်ထားရဲ့လား” ဟုမက်ခရွန်ကမေးမြန်းခဲ့ရာ လူငယ်က “ဟုတ်ကဲ့။ ဒါပေမဲ့ ဘာမှ မထူးဘူး။ ကိုယ်ရေးရာဇဝင်တွေ၊ အလုပ် လျှောက်လွှာတွေကိုလည်း ပို့ခဲ့ပါတယ်။ အကြောင်းမပြန်ကြဘူး”ဟု ဖြေကြားသည်။

မောင့်ပါနာဆီရှိ ကဖေးဆိုင်များတွင် ဝန်ထမ်းလိုအပ်နေသည်ဟု အခိုင်အမာ ပြောကြားလိုက်သော မက်ခရွန်က “ပွင့်ပွင့်လင်းလင်းပြောရရင် နှစ်ဆိုင်မှာ တစ်ဆိုင်လောက်က ဝန်ထမ်းသစ်ခေါ်နေတယ်။ သွားကြည့်လိုက်” ဟု ပြောကြားခဲ့သည်။

ဥရောပ အလုပ်လက်မဲ့နှုန်းသည် နယ်သာလန်တွင် ၅ ရာခိုင်နှုန်းကျော်၊ ဂျာမနီတွင် ၄ ရာခိုင်နှုန်းနှင့် ယူကေတွင် ၅ ရာခိုင်နှုန်းခန့်သာရှိသော်လည်း ပြင်သစ်တွင် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နေသည်။ ပြင်သစ်တွင် လူသုံးသန်းခန့်မှာ အလုပ်ရှာဖွေနေကြပြီး အသက် ၂၅ နှစ်အောက် လူငယ်လေးဦးတွင် တစ်ဦးမှာအလုပ်မရှိဘဲ လူငယ် အလုပ်လက်မဲ့နှုန်းမှာဆိုးဝါးစွာ မြင့်တက်နေသည်။

F-04