News

POST TYPE

POLITICAL

အွန်လိုင်းလုပ်ငန်းများကို အခွန်စကောက်
18-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁၇

ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို အခွန်စတင်ကောက်ခံနေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင်ရာ၌ အွန်လိုင်း၌ပါ လုပ်ငန်းဆောင်ရွက်မည်ဆိုပါက ယင်းအွန်လိုင်းစီးပွားရေးလုပ်ငန်းအတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ပါ ထည့်သွင်းကောက်ခံလျက်ရှိကြောင်း အဆိုပါဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

“အခုက နည်းပညာဖွံ့ဖြိုးလာမှုနဲ့အတူ အွန်လိုင်းကတစ်ဆင့် ရောင်းဝယ်မှုလုပ်ငန်းတွေ ပေါ်လာတယ်။ တချို့က မှန်မှန်ကန်ကန် အခွန်ပေးနေတယ်။ တချို့က လည်း အခွန်တိမ်းရှောင်တာလည်းရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

သို့သော် လူမှုကွန်ရက် Facebook တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများက အသုံးပြုသောကြော်ငြာခသည် အခြားနိုင်ငံမှ ကုမ္ပဏီကို ပေးချေရခြင်းကြောင့် ပြည်တွင်း Withholding Tax အခွန် ဥပဒေအရ ယင်းကိစ္စများအပေါ် အခွန်ကောက်ခံ၍ မရကြောင်း ၎င်းကရှင်းပြသည်။

“Withholding Tax ဥပဒေမှာက ပြည်တွင်းမှာ တစ်ခုခုလာလုပ်မှ အခွန်ကောက်မယ်ဆိုပြီးပါတာ။ Facebook က ကြော်ငြာက အခြားနိုင်ငံကကုမ္ပဏီက ဝန်ဆောင်မှုလုပ်ပေးတဲ့အတွက် အခွန်ကောက်လို့မရဘူး” ဟု ပြည်တွင်းအခွန်များဦးစီးဌာန အကြီးတန်းအရာရှိက ဆိုသည်။

ဒစ်ဂျစ်တယ်နည်းပညာကို အခြေခံသည့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများမှာမူ ၎င်းတို့၏ဝင်ငွေသည် ကျပ်သိန်းနှစ်ဆယ်အောက်သာရှိပြီး အခွန်ကင်းလွတ် ခွင့်ရှိနေမှုများကြောင့် ယင်းအသေးစား အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို အခွန်ကောက်ခံမှုမရှိသေးကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရသည်။

“အွန်လိုင်းပေါ်က တစ်ဦးချင်းလုပ်နေတဲ့ e-Commerce တွေက ဒီအတိုင်း အခွန်ကောက်ဖို့တော့ မလွယ်ဘူး။ ဒီက ပလက်ဖောင်းတစ်ခုဖော်ပေးလိုက်ပြီး ဒီအပေါ်မှာပဲ ရောင်းကြဝယ်ကြမယ်ဆိုရင် အများကြီးအကျိုးရှိမယ်။ အခွန်ကောက်ဖို့ လွယ်လာမယ့်အပြင် တာဝန်ခံမှုတာဝန်ယူတွေလည်း ပိုရှိလာမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမျိုးမင်းဦးက ပြောကြားသည်။

J-01