News

POST TYPE

POLITICAL

တအာင်းအဖွဲ့က ဖမ်းထားသည့် အမျိုးသမီးကို ပြန်လွှတ်ပေးရန် အစိုးရထုတ်ပြန်
10-Sep-2018 tagged as TNLA

ရန်ကုန်၊ စက်တင်ဘာ ၁၀

တအာင်းပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) ဖမ်းဆီးထားသည့် နမ့်ခမ်းမြို့နေ နန်းမိုဟွမ်ကို ပြန်လွှတ်ပေးရေး အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ယနေ့ စက်တင်ဘာ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုသည်။

ထိုသို့ဖမ်းဆီးခံရသူများပြန်လွှတ်ပေးရေးတောင်းဆိုခြင်းသည် ငြိမ်းချမ်းရေးဗဟိုဌာနအနေနှင့် ပထမဆုံးအကြိမ်ဖြစ်သည်။ အပြစ်မဲ့ပြည်သူကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံတော်အစိုးရကြိုးပမ်းနေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေကြောင်း ယင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးရန်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် မည်သည့်လုပ်ရပ်ကိုမဆို ပြင်းထန်စွာရှုံ့ချကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက သဘောထားဖော်ပြထားသည်။

TNLA က နန်းမိုဟွမ်ကို ပြီးခဲ့သည့် ဩဂုတ်လလယ်ပိုင်းက ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် စစ်ဆေးအရေးယူရန်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောကြားထားသည်။

သို့သော် ဖမ်းဆီးရသည့်အကြောင်းအရင်းကိုမူ တိတိကျကျထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ နန်းမိုဟွမ်ကိုလွှတ်ပေးရန် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများကလည်း ကြေညာချက်များထုတ်ပြန်ထားပြီး နမ့်ခမ်းမြို့တွင် ဆန္ဒပြတောင်းဆိုမှုအချို့လည်း ပြုလုပ်ခဲ့သည်။

တအာင်း ပလောင် (TNLA) လက်နက်ကိုင်အဖွဲ့သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် ပါဝင်နေပြီး တပ်မတော်အပါအဝင် NCA ထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့နှင့်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

J-08