News

POST TYPE

POLITICAL

ဧရာဝတီတိုင်း တရားစီရင်ရေးမြန်ဆန်ရန် ငါးနှစ်စီမံကိန်းဖြင့် လုပ်ဆောင်မည်
10-Sep-2018
ပုသိမ်၊ စက်တင်ဘာ ၈

ဧရာဝတီတိုင်းအတွင်းရှိ တရားရုံးများမှ တရားစီရင်ရာတွင် မြန်ဆန်စေရေးအတွက် ၂၀၁၈ မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ် စီမံကိန်းဖြင့် “နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ်”အဖြစ် လုပ်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားသည်။

“၂၀၁၈-၂၀၂၂ အထိ တရားစီရင် ရေးမဟာဗျူဟာစီမံကိန်း ဒုတိယ ၅ နှစ် ရေးဆွဲဆောင်ရွက်မှာဖြစ်တဲ့အတွက် တရားစီရင်ရေးမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပတ်သက်နေကြရတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မှုခင်းများကို သမားရိုးကျပုံစံမျိုး မဟုတ်ဘဲ မှန်ကန်မြန်ဆန်စေရေးအတွက် ၂၀၁၅-၂၀၁၇ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်း ပထမ ၃ နှစ် ရေးဆွဲဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒုတိယအစီအစဉ်အဖြစ် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။

ထိုသုံးနှစ်စီမံကိန်းများကို တစ်နိုင်ငံလုံးရှိ တရားရုံး ၈ ရုံးတွင် ကျင့်သုံးဆောင်ရွက်ခဲ့သည့်အတွက် တရားရုံးများတွင် မှုခင်းပြီးပြတ်မှု အရေအတွက်များခဲ့ပြီး ကြန့်ကြာနေသည့် အမှုများလည်း လျော့နည်းသွားကာ အမှုကြန့်ကြာသည့် ရက်များကိုလည်း လျှော့ချနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ယခုပြုလုပ်မည့် စီမံကိန်းအသစ်တွင်လည်း ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းတရားသူကြီးချုပ် ဦးသန်းထွန်းက ပြောကြားသည်။

“နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှု အစီအစဉ်မှာ အဓိကအခက်အခဲ ဖြစ်လာနိုင်တာကတော့ အချိန်ကိစ္စပါ၊ အဓိက စိန်ခေါ်မှုကတော့ အချိန်နဲ့အညီဆောင်ရွက်တတ်တဲ့ အလေ့အကျင့်လိုနေတယ်၊ ရုံးတွေဘက်ကရော ပြည်သူတွေဘက်ကရော တရားစွဲအဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာတွေကပါ အချိန်ကိစ္စကို ပြောင်းလဲကျင့်သုံးလာဖို့လိုနေပါတယ်၊ တဖြည်းဖြည်းနဲ့တော့ ပြောင်းလဲလာမယ်လို့ ယုံကြည်ပါတယ်”ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် သုတေသနဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းအောင်က မှတ်ချက်ပြုပြောကြားသည်။ 

R-11



  • VIA