News

POST TYPE

POLITICAL

ပန်းဆိုးတန်း-ဒလ ကူးတို့ပေါ်မှ ဈေးသည်ရှင်းလင်း
10-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၉

ပန်းဆိုးတန်း-ဒလကူးတို့သင်္ဘောပေါ်နှင့် ဆိပ်ခံတံတားများပေါ်တွင် ဈေးရောင်းချမှုများမရှိစေရေးအတွက် ဈေးသည်ရှင်းလင်းရေးစီမံချက်ကို ဆောင်ရွက်ခဲ့ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးဌာနခွဲ၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးဝင်းကိုအောင်က ဆိုသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ဩဂုတ်လ ၁၄ ရက်က ချယ်ရီသင်္ဘော ၁၊ ၂၊ ၃ ပေါ်နှင့် ဆိပ်ခံတံတားများပေါ်တွင် ရောင်းချနေသည့် ဈေးသည်များကို ဝန်ထမ်းအင်အား ၃၀ ဦးဖြင့် ရှင်းလင်းရေးလုပ်ခဲ့ပြီး ဩဂုတ်လ ၂၄ ရက်အထိ ပညာပေးကာလအဖြစ်သတ်မှတ်ကာ နေ့စဉ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဈေးသည်များကို ပညာပေးကာလ ကျော်လွန်ချိန်တွင် ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၉ ရက်အထိ ဈေးသည်တစ်ဦးမှ ဖမ်းဆီးရမိခြင်း မရှိသော်လည်း ဆက်လက်စောင့်ကြည့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဈေးသည်တွေက တားမြစ်ထားတဲ့ ဧရိယာမှာ မရောင်းတော့ မဖမ်းပါဘူး။ ဈေးတန်းလေးရှိတဲ့ စည်ပင်သာယာ နယ်နိမိတ်မှာ ရောင်းချနေတာဖြစ်တယ်။ စနစ်တကျဖြစ်တော့ သူတို့အတွက် အဆင်ပြေသွားတာပေါ့”ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၁၄ ရက် မှ စက်တင်ဘာလ ၉ ရက်အထိ ဈေးသည်များ ရောင်းချမှု ကင်းရှင်းနေကြောင်း အဆိုပါ သင်္ဘောစီးနင်းသည့် ခရီးသည်များထံမှ သိရသည်။

တားမြစ်နေရာတွင် ဈေးရောင်းချပါက စည်းကမ်းမဲ့ဈေးရောင်းချသူများကို ပထမအကြိမ် ပစ္စည်းသိမ်းမည်ဖြစ်ပြီး နောက်တစ်ကြိမ် စစ်ဆေးတွေ့ရှိပါက ၂၀၁၃ စည်ပင်သာယာရေးအက်ဥပဒေ ပုဒ်မ (၆၈) အရ ပြစ်မှုထင်ရှား တရားစီရင်ခြင်းခံရ ပါက ဒဏ်ငွေ အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံးကျပ်ငါးသိန်းအပြင် ထောင်ဒဏ်တစ်နှစ်ချမှတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။ 

J-06