News

POST TYPE

POLITICAL

ဟော့ကိုင်းဒိုးငလျင်အပြီး ပျောက်ဆုံးနေသူများကို အနံ့ခံခွေးများအသုံးပြုကာ အပူတပြင်းရှာဖွေ
09-Sep-2018



တိုကျို၊ စက်တင်ဘာ ၈

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းတွင် အင်အားပြင်းမြေငလျင်ကြီး လှုပ်ခတ်သွားပြီးနောက် ကယ်ဆယ်ရေးအမှုထမ်းများက အနံ့ခံခွေးများကိုအသုံးပြုကာ အသက်ရှင်လျက်ကျန်ရစ်သူများကို အဆောက်အအုံအပြိုအပျက်များအကြား လိုက်လံရှာဖွေလျက်ရှိကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်နိုင်ငံ အနောက်ပိုင်းကို အင်အားပြင်းမုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်သွားပြီးနောက် မြောက်ပိုင်းရှိ ဟော့ကိုင်းဒိုးတွင် အင်အား ၆ ဒသမ ၇ ရှိ မြေငလျင်လှုပ်ခတ်ရာ အဆောက်အအုံများ ပြိုကျခဲ့သလို မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့သည်။ 

ဂျပန် NHK သတင်းဌာနက အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားဖော်ပြရာတွင် ငလျင်ကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ အမြောက်အမြားရှိသည်ဟု ဆိုသည်။ 

အစောပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သေဆုံးသူ ၁၆ ဦးရှိသည်ဟု ဆိုခဲ့သည်။ 

ဂျပန်အစိုးရဝန်ကြီး ရိုရှီဒါဆွန်ဒါက ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၄ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ဆိုသည်။ 

ဟော့ကိုင်းဒိုးတွင်ရှိသော ပြည်သူ ၅၀၀၀ ကျော်ခန့်သည် ငလျင်လှုပ်ပြီး နောက်တစ်နေ့တွင် ကယ်ဆယ်ရေးစင်တာများ၌ နေထိုင်ခဲ့ကြရသည်။ နောက်တစ်နေ့နံနက်တွင် စင်တာ၌ အာဏာပိုင်များက အစားအသောက်များ လာရောက်ဝေငှခဲ့သည်။ 

“နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်နေတာ အင်မတန်စိုးရိမ်ထိတ်လန့်စရာကောင်းတယ်။ ဒါပေမဲ့ ကျွန်မတို့တတွေ တစုတစည်းတည်းရှိနေတော့ အင်အားတွေ ရခဲ့ပါတယ်။ အခုဆို စားစရာတွေလည်းရပါပြီ” ဟု ဂျပန်အမျိုးသမီးတစ်ဦးက ပြည်သူပိုင်ရုပ်သံ NHK သို့ ပြောကြားသည်။ 

ငလျင်ကြောင့်ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၂၀၀၀ ကျော်က အနံ့ခံခွေးများအသုံးပြုကာ ညလုံးပေါက်ရှာဖွေခဲ့သည်ဟု ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အစိုးရအဖွဲ့အရေးပေါ်ဆွေးနွေးပွဲတွင် ပြောကြားသည်။ 

ငလျင်လှုပ်ခတ်ပြီးနောက် မိုးများလည်း သည်းထန်စွာရွာသွန်းလျက်ရှိရာ မြေပြိုမှုများ ထပ်မံပေါ်ပေါက်နိုင်သောကြောင့် အထူးသတိထားကြရန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက တိုက်တွန်းသည်။ 

“ကျွန်တော်တို့ရဲ့ စွမ်းအားတွေအားလုံးကို ထုတ်သုံးပြီး ပြည်သူတွေရဲ့ အသက်ကို ကယ်ဆယ်နိုင်အောင်လုပ်သွားမှာပါ” ဟု အာဘေးကပြောကြားသည်။ 

ငလျင်လှုပ်ခတ်ပြီး နောက်တစ်နေ့တွင် ဟော့ကိုင်းဒိုး လျှပ်စစ်စွမ်းအင်ကုမ္ပဏီကနေ အိမ်စုစုပေါင်း ၂ ဒသမ ၉၅ သန်းရှိသော ဟော့ကိုင်းဒိုးတွင် နေအိမ်ပေါင်း ၁ ဒသမ ၅၄ သန်းခန့်အား လျှပ်စစ်မီးပြန်ပေးနိုင်ခဲ့သည်။ 

ဟော့ကိုင်းဒိုးကျွန်း ပင်မလေဆိပ်ဖြစ်သော နယူးချိတိုးစ်တွင်လည်း လေကြောင်းခရီးစဉ်များ ပြန်လည်စတင်နိုင်ခဲ့သည်။ ဟော့ကိုင်းဒိုးကျွန်းသည် အလယ်ဥရောပဒေသရှိ ဩစတြီးယားနိုင်ငံအရွယ်အစားခန့်ရှိပြီး လူပေါင်း ၅ ဒသမ ၃ သန်းခန့်ရှိကာ ကမ္ဘာလှည့်ခရီးသည်များ အထူးစိတ်ဝင်စားသည့်မြို့လည်း ဖြစ်သည်။

F-01