News

POST TYPE

POLITICAL

ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်နှင့် လူငယ် ၈ ဦးကို ပြန်လွှတ်ပေးရန် ရဟန်းတော်များ မေတ္တာရပ်ခံ
09-Sep-2018
စစ်တွေ၊ စက်တင်ဘာ ၈

တရားစွဲဆိုခံနေရသော ဒေါက်တာအေးမောင်၊ စာရေးဆရာဝေဟင်အောင်တို့နှင့် မြောက်ဦးမြို့မှ လူငယ် ၈ ဦးတို့အား ပြစ်မှုမှ လွတ်မြောက်ပေးစေလိုကြောင်း စစ်တွေမြို့နယ် စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တို့ထံ စက်တင်ဘာလ ၈ ရက်နေ့က မေတ္တာရပ်ခံလိုက်သည်။

“သူတို့နှစ်ဦးကို ဖမ်းသွားတဲ့ နောက်ကတည်းက အခြေအနေတစ်ခုကို ကြည့်နေကြတာပေါ့၊ ဦးပဉ္ဇင်းတို့က ပေါ့ပေါ့ပါးပါးဖြစ်လိမ့်မယ်၊ ဥပဒေကြောင်းအရလည်း ဒီလောက်ထိ ကြာလိမ့်မယ် မဟုတ်လို့ ဦးပဉ္ဇင်းတို့က သုံးသပ်ရင်းနဲ့ ကြာလာတဲ့အခါ ဒီလို မေတ္တာရပ်ခံတာဖြစ်တယ်”ဟု စည်း/ထိန်း ရဟန်းတော်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးဓမ္မိကက မိန့်ကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့မှာ ရခိုင်ဘုရင့် နိုင်ငံတော်ကျဆုံးသောနေ့ အထိမ်းအမှတ်ပွဲ၌ အချိန်ကာလအရ ဟောပြောရမည့် အဓိကအကြောင်းအရာ အားလျော်စွာ ပြောဆိုခဲ့သည့် သဘောမျိုးဖြစ်ကြောင်း၊ မြောက်ဦးမြို့မှ လူငယ် ၈ ဦးမှလည်း စာပေဟောပြောပွဲသို့ သွားကြရာ မမျှော်လင့်ဘဲ အဓိကရုဏ်းကြား ပါဝင်သွားကြသူများသာဖြစ်သည်ဟု သုံးသပ်မိကြောင်း ဦးဓမ္မိကက မိန့်ကြားသည်။

လက်ရှိအချိန်၌ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ နှစ်ဦးအား စွဲချက်တင်သင့်၊ မတင်သင့်ကို စက်တင်ဘာလ ၁၀ ရက် နေ့တွင် တရားရုံးက အမိန့်ချမှတ်မည်ဖြစ်ပြီး မြောက်ဦးမြို့မှ လူငယ် ၈ ဦးကို ၁၃ ရက်နေ့၌ စွဲချက် တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးကြမည်ဖြစ်သည်။

မြောက်ဦးမြို့မှ လူငယ် ၈ ဦးမှာ အများပြည်သူပိုင်ပစ္စည်းကာကွယ်ရေး ဥပဒေ ပုဒ်မ ၆ (၁) ဖြင့် တရားစွဲဆိုခံနေရ ပြီး ဒဏ်ရာများဖြင့် ဖမ်းဆီးချုပ်နှောင်ခံနေရသည်။ ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ထို့အပြင် ဩဂုတ်လအတွင်းကလည်း ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ အမြန်ဆုံးလွတ်မြောက်စေရန်အတွက် စစ်တွေမြို့တွင် ဆုတောင်းပွဲတစ်ခုလည်း ပြုလုပ်ခဲ့ကြသည်။ 

R-22


  • VIA