News

POST TYPE

POLITICAL

ဒေါ်နယ်ထရမ့်ကို ဝန်ထမ်းများက ပညာပြနေကြသည်ဟု အမည်မဖော်လိုသူ အိမ်ဖြူတော်အကြီးတန်း ဝန်ထမ်းတစ်ဦးက နယူးယောက်တိုင်းမ်တွင် ရေးသားဖွင့်ချ
09-Sep-2018



ဝါရှင်တန်၊ စက်တင်ဘာ ၈

ထရမ့်အစိုးရအဖွဲ့အတွင်း တွန်းလှန်တော်လှန်မှုအတွင်း ပါဝင်သူဟုဆိုသော အမည်မဖော်လိုသူ အကြီးတန်းဝန်ထမ်းတစ်ဦးက ရေးသားသောဆောင်းပါးကို နယူးယောက်တိုင်းမ်သတင်းစာက ဖော်ပြခဲ့ပြီး ဆူလွယ်ပူလွယ်ဖြစ်နေသော အိမ်ဖြူတော်အတွင်းရေးတွင် မီးထိုးပေးခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အတွင်းရှိ အကြီးတန်းတာဝန်ရှိသူများသည် သမ္မတလုပ်ပိုင်ခွင့်အချို့အား လျော့ပျက်ပြယ်စေရန် တက်တက်ကြွကြွ လုပ်ကိုင်နေကြသည်ဟု အဆိုပါ ဆောင်းပါးရှင်က ရေးသားထားသည်။

“သမ္မတထရမ့်ဟာဘယ် ခေတ်သစ် အမေရိကန်ခေါင်းဆောင်မှ မကြုံဖူးတဲ့ စမ်းသပ်မှုကို ရင်ဆိုင်နေရပါတယ်။ ကျွန်တော်ကိုယ်တိုင်ဟာလည်း ထရမ့်အစိုးရအဖွဲ့တွင်းက တွန်းလှန်မှုမှာ ပါဝင်နေပါတယ်။ ထရမ့်အပြည့်အဝ မဆုပ်ကိုင်နိုင်တဲ့ ဘေးကျပ်နံကျပ်အခြေအနေကတော့ သူ့ကိုယ်ပိုင်အစိုးရအဖွဲ့တွင်းက ထိပ်တန်းတာဝန်ရှိသူတွေ အများအပြားဟာ သူ့လုပ်ငန်းစဉ် တချို့နေရာတွေ အဆင်မပြေအောင်၊ သူ့ရဲ့ အဆိုးရွားဆုံး အလိုဆန္ဒတွေ အဆင်မပြေအောင် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်နေကြပါတယ်”ဟု အဆိုပါပုဂ္ဂိုလ်က ရေးသားခဲ့သည်။

အမည်မဖော်သည့် ပြင်ပအာဘော် ဆောင်းပါးတစ်ပုဒ်ကို ပုံနှိပ်ဖော်ပြခြင်းမှာ ပုံမှန်မဟုတ်သည့် ဆောင်ရွက်ချက်ဖြစ်သည်ဟု နယူးယောက်တိုင်းမ် သတင်းစာ ဆောင်းပါးရွေးချယ်ရေးအဖွဲ့က ဖော်ပြထားသည်။ 

သို့သော်လည်း “အရေးပါသော ရှုထောင့်တစ်ရပ်ကို စာဖတ်သူများသိရှိခွင့်ရစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်”ဟု အယ်ဒီတာများက ယုံကြည်သောကြောင့် ဖော်ပြပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နယူးယောက်တိုင်းမ်သတင်းစာတွင် အယ်ဒီတာ့အာဘော် (editorial) ကိုသာ အမည်မတပ်ဘဲ ဖော်ပြလေ့ရှိပြီး ပင်တိုင်ဆောင်းပါးရှင်များ၊ ပြင်ပဆောင်းပါးရှင်များ၏အာဘော် အတွေးအမြင်ဆောင်းပါး (opinion editorial ခေါ် op-ed) များကို ရေးသူအမည်တပ်၍သာ ဖော်ပြလေ့ရှိသည်။

အဆိုပါစာရေးသူက “နှစ်လမ်းသွား သမ္မတသက်တမ်း”ဟု သုံးနှုန်းခဲ့ပြီး ထိပ်တန်းတာဝန်ရှိသူများသည် ထရမ့်က လက်မခံသည့်တိုင်အောင် မှန်သည်ဟု ထင်ရာကို လုပ်နိုင်ရန် ကြိုးစားနေကြသည်ဟု ဆိုသည်။

ဥပမာတစ်ခုမှာ ထရမ့်က ရုရှားသမ္မတ ဗလာဒီမာပူတင်၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကဲ့သို့သော အာဏာရှင်ဆန်သော ခေါင်းဆောင်များ၊ ဖိနှိပ်အုပ်ချုပ်သူများကို သဘောကျခြင်းမျိုးဖြစ်သည်။ ထရမ့်သည် စိတ်တူသဘောတူ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးအပေါ်တွင်မူ အလေးမထားဟု အဆိုပါ ဆောင်းပါးရှင်းက ရေးသားထားသည်။

နယူးယောက်တိုင်းမ်သတင်းစာက အဆိုပါဆောင်းပါးကို ဖော်ပြပြီးမကြာမီ အချိန်အတွင်း ထရမ့်က စာရေးသူကို ဝေဖန်ခဲ့သလို သတင်းစာသည်လည်း မရိုးဖြောင့်ဟု ရှုတ်ချခဲ့သည်။

“သူတို့က ဒေါ်နယ်ထရမ့်ကို မကြိုက်ဘူး၊ ကျုပ်ကလည်း သူတို့ကိုမကြိုက်ဘူး။ ဒါကြောင့် ကျဆုံးနေတဲ့ နယူးယောက်တိုင်းမ်က အမည်မဖော်တဲ့ အာဘော်ဆောင်းပါးကို ဖော်ပြရင်၊ ခင်ဗျားတို့ စဉ်းစားကြည့်၊ အမည်မဖော်ဘူးဆိုတာ သွေးမရှိလို့ပေါ့၊ သတ္တိမရှိတဲ့ အာဘော်ဆောင်းပါးပဲ။ ကျုပ်တို့က တကယ့်အလုပ်ကို လုပ်နေတာ”ဟု တုံ့ပြန်ခဲ့သည်။

အိမ်ဖြူတော်ပြန်ကြားရေးတွင်းဝန် ဆာရာဆန်းဒါးစ်ကလည်း အာဘော်ဆောင်းပါးမှာ“နုံချာ၊ အဆင်ခြင်မဲ့၊ တစ်ကိုယ်ကောင်းဆန်စွာ” ရေးသားထားခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ရေးသားသူအနေနှင့် ရာထူးမှနုတ်ထွက်သင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

နာမည်ကျော် ဝါးတားဂိတ်အရှုပ်တော်ပုံကို ဖွင့်ချသူ သတင်းထောက် ဘော့ဘ်ဝုဒ်ဝါ့ဒ်ကလည်း အိမ်ဖြူတော် အတွင်းရေးအကြောင်း စာအုပ်သစ် ထုတ်ဝေခဲ့ပြီး အဆိုပါစာအုပ်ထဲတွင် အစိုးရအဖွဲ့တွင်းမှ တာဝန်ရှိသူအချို့က ထရမ့်၏ မူဝါဒအလွဲများ အကောင်အထည်မပေါ်လာရေး ဟန့်တားရန် ကြိုးပမ်းကြပုံများ ပါရှိခဲ့သည်။ ယခု အာဘော်ဆောင်းပါးတွင်မူ ဝုဒ်ဝါ့ ဖော်ပြထားသည်ထက် ပိုနက်ရှိုင်းသည့် အခြေအနေမျိုးရှိနေသည်ဟု ဖော်ပြထားသည်။  

F-03