News

POST TYPE

POLITICAL

မောင်ဗြိနှင့်သတင်းစာ
08-Sep-2018

တိုင်းပြည်က နှစ်ခြမ်းကွဲနေသည်။ မယုံမရှိနှင့်။ မယုံဘူးဆိုလျှင်ဖြင့် အခုချက်ချင်း လမ်းထိပ်က ဂျာနယ်ဆိုင်သို့သွားပါ။ ပုဂ္ဂလိကဂျာနယ်တစ်စောင်နှင့် အစိုးရပိုင် သတင်းစာတစ်စောင်ဝယ်ပါ။ ဖတ်ကြည့်ပါ။

ပုဂ္ဂလိကဂျာနယ်နဲ့သတင်းစာများတွင် တိုင်းပြည်သည် ရေတွေကြီးနေသည်။ မှုခင်းတွေများနေသည်။ တိုက်ပွဲတွေဖြစ်နေသည်။ ဟိုဈေး ဒီဈေးတွေ တက်နေသည်။ မြေယာပြဿနာတွေ ဖြစ်နေသည်။ တကယ့်ကို စိတ်ညစ်စရာတွေချည်း။

ကိုင်း ... အစိုးရသတင်းစာကို ကောက်ကိုင်ကြည့်ပါဦး။ နိုင်ငံတော်အကြီးအကဲများ တိုင်းရေးပြည်ရာအတွက် အလုပ်တွေ လုပ်နေကြသည်။ သီးနှံတွေအထွက် တိုးနေသည်။ ငြိမ်းချမ်းရေးစေတီတော်ကြီးကို ပျော် ပျော်ပါးပါး ရေစက်ချနေကြသည်။ ဥပုသ်နေ့တွင် ဘုရား စေတီများ ဖူးမြော်သူများပြားသည်။ ပြည်သူများ ပျော် ရွှင်နေကြသည်။ ရှေ့ဖုံးကနေ နောက်ကျောအထိ စိတ် ချမ်းသာစရာတွေ အတိ။

ကဲ ... ဒီတော့ မောင်ဗြိ ပြောသည်က မမှန်ပေဘူးလား။ တိုင်းပြည်တစ်ပြည်တည်းက ဖြစ်ရပ်တွေကပင် သတင်းစာနှစ်မျိုးတွင် နှစ်ခုကွဲထွက်နေသည်။ မသိလျှင် တိုင်းပြည်က နှစ်ပြည်ကွဲထွက်နေသည့်အလား။

တိုင်းပြည်တစ်ပြည်၏ အခြေအနေကို သိလိုလျှင် ထိုတိုင်းပြည်ထုတ် သတင်းစာများကို ဖတ်ပါဟုဆိုကြ၏။

မောင်ဗြိတို့ဆီတွင်တော့ အစိုးရသတင်းစာပါ တိုင်းပြည် အခြေအနေကတစ်မျိုး၊ ပုဂ္ဂလိကသတင်းစာထဲက အခြေအနေကတစ်မျိုး။ အစိုးရသတင်းစာထဲတွင်တော့ အရာရာအဆင်ပြေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဖြစ်ပြီး ပုဂ္ဂလိက သတင်းစာထဲတွင်တော့ ပြဿနာပေါင်း သောင်းခြောက်ထောင်နိုင်ငံကြီးဖြစ်နေသည်။

မောင်ဗြိကတော့ ... ဘယ်သတင်းစာက မှန်သည် မှားသည်ကိုမသိ။ စိတ်ချမ်းသာချင်လျှင် အစိုးရသတင်းစာ ကောက်ဖတ်လိုက်သည်။ အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို လူကြီးတွေ လှည့်လည်စီမံခန့်ခွဲတာတွေဖတ်ပြီး နှစ်ထောင်းအားရဖြစ်မည်။

ဟိုနိုင်ငံရဲ့ ဟိုနေ့ကို ဒီနိုင်ငံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့ပြီး ဒီနိုင်ငံမှ ဒီနေ့ကို ဟိုနိုင်ငံတွေက သဝဏ်လွှာ ပို့တာတွေဖတ်ပြီး ကမ္ဘာနှင့် အဆင်ပြေသော နိုင်ငံတော်ကြီးအတွက် ဂုဏ်ယူမည်။

လူလေးနှစ်ယောက်မတ်တတ်ရပ်နေပြီး တစ်ယောက်က “စိုက်ပျိုးရေးကိုအခြေခံပြီး ခေတ်မီနိုင်ငံတော်သစ်ကြီးဆီ သွားကြစို့”ဟုပြောသည်ကို တစ်ယောက်က “စက်မှုတိုးတက်ရေးကိုလည်း ချန်ထားလို့ မဖြစ်ပေဘူး”ဟူသော ဟာသ ရသအပြည့်ပါပြီး အပြုသဘောဆောင်သည့် ကာတွန်းများလည်း ဖတ်ရမည်။

ပြီးလျှင် ဘယ်အစိုးရတက်တက် သူတော်ကောင်း၊ သူမြတ်လောင်းတွေဖြစ်ကြောင်း၊ နိုင်ငံတော်ကြီးသည် ရွှေဘုန်းတွေတိုးပြီး ရွှေမိုးတွေ သွန်းဖြိုးနေကြောင်း သုံးသပ်ချက်ဆောင်းပါးတွေဖတ်ပြီး အစိုးရကို တစိမ့်စိမ့် ကြည်ညိုမည်။

ချိပ်ပိတ်တင်ဒါ ခေါ်ယူတာတွေ ဖတ်၊ အိမ် ခြံ မြေ ရောင်းမည် ကန့်ကွက်ရန် ရှိ မရှိတွေဖတ်ပြီး နိုင်ငံစီးပွားရေး ဒီရေအလား တိုးတက်နေသည်ကို ပီတိပွားမည်။

ကလေးအမည်ပြောင်းတာတွေ၊ ဖခင်နာမည် အမှန်ဖြစ်ကြောင်းတွေ၊ မွေးနေ့ဆုတောင်းတွေ၊ မင်္ဂလာပွဲ ကျေးဇူးတင်လွှာတွေဖတ်ပြီး ... အာဝါဟဝိဝါဟ မင်္ဂလာ စိတ်လေးယူမည်။

ဟော့ ... နောက်စာမျက်နှာကျ ... မောင်စူပါ အသက် (၃၅) နှစ်တို့၊ ကာတွန်းစိုးစံဝင်း အသက် (၇၅) တို့ကိုဖတ်ပြီး မရဏာနုဿတိပွားများမည်။

နှစ်လုံး၊ သုံးလုံး ဝါသနာပါလျှင် ဂဏန်းအတိတ် ကောက်ပြီး ကံစမ်းလို့ရသေးသည်။

နောက်ကျောဖုံး ပြန်လှန်လိုက်တော့ ... တိုးတက် ငြိမ်းချမ်းသော နိုင်ငံတော်သစ်ကြီးဆီ တစ်ဖန် ပြန်ရောက်သွားမည်။

ကိုင်း ... ဒီဂလောက် ရသပေါင်းစုံပေးသည့် သတင်းစာမျိုးဖတ်လို့မှ စိတ်မချမ်းသာလျှင် ဘယ်ဟာက စိတ်ချမ်းသာစေမည်နည်း။

ပုဂ္ဂလိကသတင်းစာလား။

ဟိုနေရာ ဆန္ဒပြကြပြန်ပြီ။ ဟိုမြို့မှာ သုံးလောင်းပြိုင်။ ဟိုတောင်ပေါ်မှာ တိုက်ပွဲဖြစ်ပြန်ပြီ။ ဆည်တွေ ကျိုးပြီး ရေတွေကြီးနေသည်။

ဆောင်းပါးတွေကလည်း အစိုးရကို ဖောင်းထုတာတွေ၊ ဝေဖန်တာတွေ ပါချင်ပါလာသေးသည်။

မောင်ဗြိတို့ လူအများစုကတော့ မည်သည့်ကိစ္စမဆို အစိုးရသတင်းစာမှာပါမှ ယုံကြည်ကြသည်။

မင်္ဂလာဆောင်တာရော၊ မသာချတာပါ အစိုးရသတင်းစာမှာပါမှ ဂုဏ်ရှိသည်၊ တရားဝင်သည်ဟု ခံယူသည်။ ဈေးနှုန်းချင်းလည်း ယှဉ်ကြည့်ဦး။

ဒီလိုစိတ်ညစ်စရာ သတင်းတွေပါသည့် ပုဂ္ဂလိက သတင်းစာတွေက တစ်စောင်နှစ်ရာ။ စိတ်ချမ်းသာစရာ အတိပြီးသည့် အစိုးရသတင်းစာက တစ်စောင် ခြောက်ဆယ်ကျပ်ဝန်းကျင်။ သင်ဆို ဘာကို ရွေးချယ်မည်လဲ။

ဒါနဲ့များ မြန်မာမီဒီယာတွေ မစွမ်းဟု ပြောသူက ပြောကြသေးသည်။

မြန်မာပြည်ကို ဆိုမာလီလို၊ ဘောစနီးယားလို ပုံဖော်ကာ တစ်ဖက်စောင်းနင်းရေးနေသည့် နိုင်ငံခြား တိုင်းပြည်များသည် အင်္ဂလိပ်ဘာသာဖြင့်ထုတ်သည့် အစိုးရထုတ်သတင်းစာကို မဖတ်ကြဘူးလား မသိကြ။

ဖြစ်နိုင်လျှင် နိုင်ငံတော်အနေနှင့် အစိုးရထုတ် သတင်းစာများကို လေယာဉ်ဖြင့် အပြည့်သယ်ပြီး နိုင်ငံခြားတိုင်းပြည်များပေါ်သို့ ကြဲချခြင်းဖြင့် နိုင်ငံတကာ မီဒီယာများကို ပြန်တိုက်သင့်သည်။

ပုဂ္ဂလိက သတင်းစာတွေကိုတော့ စာရင်းထဲ မထည့်နှင့်။ ကြော်ငြာလည်းမရ၊ စောင်ရေက မတက်၊ ဈေးကလည်း နှစ်ရာကျပ်ရှိသည်။

သူတို့က စိတ်ညစ်စရာသတင်းတွေချည်း ထည့်သဖြင့် လူတွေစိတ်ညစ်ပြီး ဝယ်မဖတ်တာလည်းပါမည်။

တစ်စောင်ပြီးတစ်စောင် မာလကီးယားဂျောင်း ကုန်သည်။ ရှိနေသည့် ပုဂ္ဂလိကသတင်းစာတွေကလည်း ဖွတ်ချက် ဖွတ်ချက်ဖြင့် မနည်းကျားကန်ထားရရှာ၏။

ဟိုတစ်နေ့က လွှတ်တော်သတင်းတွင် ဖတ်လိုက်ရသည်။ နိုင်ငံပိုင်သတင်းစာများသည် တစ်စောင်လျှင်  ၆၅ ကျပ်ရှုံးနေသည်တဲ့။ စောင်ရေတစ်သိန်းဆိုလျှင် ၆၅ သိန်း။

အမိုးအကာမရှိသည့် တောထဲ တောင်ထဲမှ မူလတန်းကျောင်းလေးတစ်ကျောင်းကို ပြုပြင်လျှင် သိန်း ၆၀ ဝန်းကျင်ကုန်ကြမည်ဟုလည်း ဖတ်ရသည်။

မောင်ဗြိကတော့ စာသင်ကျောင်းအသစ်တွေ မရလျှင်နေပါစေ ... တစ်နေ့ကို ၆၅ သိန်း အရှုံးခံပြီး ပြည်သူကို ပျော်ရွှင်မှုတွေပေးနေသည့် အစိုးရသတင်းစာတွေကို မရပ်စေလိုပါ။

ထို့ကြောင့် ... ယနေ့မှစပြီး အစိုးရသတင်းစာ နှစ်စောင်ယူဖို့ ဆုံးဖြတ်လိုက်သည်။ ဒါဆို သတင်းစာ ထုတ်သော အစိုးရလည်း အရှုံးသက်သာမည်။

မောင်ဗြိတို့အိမ်မှာ ပိုက်လိုင်းပျက်၍ ရေမလာသည့်ကိစ္စလည်း အဆင်ပြေသွားမည်။

ဗြိတိသျှကိုကိုမောင်