News

POST TYPE

POLITICAL

အာဖရိကဆိတ်သမင်များ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ရောက်ရှိ
08-Sep-2018


ရန်ကုန်၊ စက်တင်ဘာ ၈

နေပြည်တော် ဆာဖာရီတိရစ္ဆာန်ဥယျာဉ်မှ အာဖရိက ဆိတ်သမင်မျိုးစိတ်သစ် ၇ ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းရာ ယနေ့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က ပြောကြားသည်။

အာဖရိကဆိတ်သမင်မျိုး၌ မျိုးစိတ်နှစ်မျိုးပါဝင်သည်။ နူးဆိတ်သမင်မျိုးစိတ် ၄ ကောင်အနက် အထီးတစ်ကောင်၊ အမ ၃ ကောင်နှင့် ညာလာဆိတ်သမင် ၃ ကောင်တွင် အထီးတစ်ကောင်၊ အမ ၂ ကောင် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်ထံမှ သိရှိရသည်။

"ရန်ကုန်ရဲ့ နေပြည်တော်ရဲ့ရာသီဥတုက ကွာခြားမှုမရှိတော့ အဆင်ပြေတယ်။ ဘယ်အချက်ကို စိတ်ပူရသလဲဆိုတော့ မိုးများလာရင် ဘယ်လိုလုပ်မလဲဆိုတာ စိတ်ပူရတယ်။ အဲ့တာကြောင့် ညဘက်နားခိုဖို့ နေရာလေးတွေ လုပ်ပေးထားတယ် ” ဟု ဦးထွန်းဝင်းအောင်က ပြောဆိုသည်။

အာဖရိကဆိတ်သမင်၏ အလေ့အထအရ တစ်နှစ် တစ်ကောင်နှုန်းမွေးဖွားပြီး ကိုယ်ဝန်ဆောင်ချိန် ၇လကြာမြင့်ကြောင်း၊ ရောက်ရှိလာသည့် ၇ကောင်ကို သေဆုံးသွားသော သစ်ကုလားအုတ်ထားရှိခဲ့သည့်နေရတွင် ထည့်သွင်းပြသထားကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

သစ်ကုလားအုတ်ကိုလည်း ပြန်လည်ပြသထားနိုင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာ၌ တိရစ္ဆာန်မျိုးစိတ် ၁၃၄မျိုးရှိလာပြီး အကောင်ရေပေါင်း ၁၄၀၀နီးပါးရှိကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

J-17




  • VIA