News

POST TYPE

POLITICAL

မွန်တွင် ရှစ်လအတွင်း ဖမ်းမိ မူးယစ်ဆေးဝါး အမှုပေါင်း ၂၃၀ ကျော်
07-Sep-2018
မော်လမြိုင်၊ စက်တင်ဘာ ၆

မွန်ပြည်နယ်တွင် ၈ လအတွင်း မူးယစ်းဆေးဝါးအမှုပေါင်း ၂၃၀ မှုကျော် ဖမ်းဆီးရမိခဲ့သည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လထိ မူးယစ်ဆေးဝါးအမှုပေါင်း ၂၃၉ မှုဖမ်းဆီးရမိပြီး ပြစ်မှုကျူးလွန်သည့် အမျိုးသားဦးရေ ၃၄၂ နှင့် အမျိုးသမီးဦးရေ ၄၂ ဦးရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးစီး မြင့်ဝင်းက ပြောသည်။ 

ဖမ်းဆီးရမိမှုတွင် WY စိတ်ကြွဆေးပြား နှစ်သိန်းကျော် (၂၂၇၄၄၃ ပြား)၊ ICE ၂၈၅ ဒသမ ၅၄ ဂရမ်၊ ဆေးခြောက် ၉၁၈ ဒသမ ၇၆ ဂရမ်၊ ဘိန်းစာရွက် ၅၆၆၂၀ ဒသမ ၉ ဂရမ်၊ ဘိန်ဖြူ ၃၅၀ ဂရမ်ရှိပြီး စုစုပေါင်း ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၃၇၀ ကျော်ရှိသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး စာရင်းအရသိရသည်။

“အရင်နှစ် ကာလတူထက်စာရင် ဒီနှစ်ဖမ်းဆီးရမိမှုက များလာတယ်၊ မူးယစ်ဆေးဝါးနှိမ်နင်းမှုကိစ္စက အစိုးရကလည်း အားပေးသလိုမျိုးဖြစ်တော့ ဖမ်းဆီးရမှုတွေ ပိုများလာတယ်”ဟု ရဲမှူးဦးစီး မြင့်ဝင်းက ပြောသည်။

ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးအမှုများနက် ရေးမြို့နယ်နှင့် မော်လမြိုင်မြိ့နယ်တို့တွင် ဖမ်းဆီးရမိမှု အများဆုံးဟု သိရသည်။ 

တိုးတက်သော မွန်လူငယ်အစည်းအရုံး (MYPO) ၏ စစ်တမ်းကောက်ခံထားအရ မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုသည် ပိုမိုများပြားလာသည့်အနေအထားရှိနေပြီး လက်ရှိတွင် လူငယ် ၇၃ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါး သုံးစွဲနေသည်ဟု ဖော်ပြထားသည်။

ပြည်နယ်အတွင်းက ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာနေသည့် မူးယစ်ဆေးဝါးပြဿနာကို အစိုးရအနေဖြင့် နေ့စဉ်ဖမ်းဆီးလျက်ရှိပြီး ထောင်ထဲတွင်လည်း ထားစရာနေရာမရှိလောက်အောင် မူးယစ်ဆေးဝါးအမှုကို ဖမ်းဆီးဆောင်ရွက်နေသည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြီးခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောခဲ့သည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်တွင် မူးယစ်ဆေးဝါး အမှုပေါင်း ၂၈၃ မှု ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၂၇၀ မှု ဖမ်းဆီးရမိခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ စာရင်းအရ သိရသည်။

Dawei Watch



  • VIA