News

POST TYPE

POLITICAL

ရခိုင်ပြည်နယ် တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ပွင့်လင်းမြင်သာမှုမရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်
စစ်တွေ၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ဒါ စိစစ်ရွေးချယ်ရေးကော်မတီသည် ပွင့်လင်းမြင်သာမှုမရှိဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက စက်တင်ဘာလ ၆ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသည့်အဆိုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ပြည်နယ်အစိုးရအဖွဲ့သည် တည်ဆောက်ရေးတင်ဒါခေါ်ယူ ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဈေးနှုန်းအနည်းဆုံးကုမ္ပဏီနှင့် ဒေသခံကုမ္ပဏီများကို ဦးစားပေးမရွေးချယ်ခြင်း၊ တင်ဒါအောင်ကုမ္ပဏီကို အချိန်တိုအတွင်း တရားဝင်ထုတ်ပြန်ခြင်း မရှိခြင်းတို့ကြောင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်လိုက်ခြင်းဖြစ်သည်။ 

“ကက်ဘိနက် (ဝန်ကြီးများ အစည်းအဝေး) အနေနဲ့ကတော့ လက်သင့်ရာ ဘိုးတော်တင်နေသလားလို့ သံသယဝင်မိတယ်။ ကုမ္ပဏီတွေရှေ့မှာ မြင်သာအောင်လို့ ပြပြီးတော့ နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ပြီး မျက်လှည့် လက်လှည့် ကပြနေသလားလို့ သံသယဝင်တယ်။ တင်ဒါစိစစ်ရေးကော်မတီဟာ အလှူပွဲက ကြေးစည်လို ဘယ်ဘက်က ထုလိုက်ရင် ညာဘက်ကို လည်သွား၊ ညာက ထုလိုက်ရင် ဘယ်ဘက်ကို လည်သွား အဲဒီလိုမဖြစ်ဖို့ တိုက်တွန်းချင်တယ်”ဟု မြောက်ဦး မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဆိုသည်။

တင်ဒါခေါ်ယူရာတွင် လျှောက်လာသည့် ကုမ္ပဏီတို့ကို စိစစ်ရေးကော်မတီက ရွေးချယ်အတည်ပြုရမည်ဖြစ်ကြောင်း၊ ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ပေးခြင်းကြောင့် ယင်းအစည်းအဝေးသည် တင်ဒါပေးသည့် အဖွဲ့အစည်းဖြစ်သွားနိုင်ကြောင်း ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ထောက်ပြသည်။

အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း၏ ညွှန်ကြားချက်များနှင့်အညီ ပြည်နယ်တည်ဆောက်ရေးဆိုင်ရာ တင်ဒါများကို ရွေးချယ်စေရန် ရခိုင်ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ်၏ တည်ဆောက်ရေးလုပ်ငန်းများသည် ပြည်ထောင်စု ညွှန်ကြားချက်နှင့်အညီ မဟုတ်ဘဲ ကွဲလွဲစွာ လုပ်ဆောင်နေကြောင်း၊ တင်ဒါရွေးချယ်ရာတွင် စိစစ်ရွေးချယ်ရေးကော်မတီက ရွေးချယ်နေခြင်းမဟုတ်ကြောင်း အစိုးရအဖွဲ့၏ ကက်ဘိနက်သာ ရွေးချယ်နေကြောင်း ဦးအောင်ကျော်ထွီးက ရှင်းပြသည်။

တင်ဒါရွေးချယ်ရာ၌ နည်းပညာ၊ စက်ယန္တရား၊ လုပ်ငန်းအတွေ့အကြုံတို့ ပြည့်စုံပြီး ဈေးနှုန်းနည်းသော ကုမ္ပဏီတို့ကို ရွေးချယ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။

ရခိုင်ပြည်နယ် လျှစ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြည်နယ်အစိုးရအနေနှင့် နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက် အမှတ် (၁/၂၀၁၇) အတိုင်း ဆောင်ရွက်နေခြင်း၊ တင်ဒါ နည်းဥပဒေ၊ ဥပဒေတို့နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်ထောက်ပြသည်ကို လက်ခံကြောင်း ပြောကြားခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ပြီး အဆိုအား ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ကြသည်။  

R-22