News

POST TYPE

POLITICAL

နှစ် ၈၀ အိမ်ထောင်သက် လျှို့ဝှက်ချက်က ဇနီးသည်၏ သည်းခံမှုဟုဆို
06-Sep-2018


တိုကျို၊ စက်တင်ဘာ ၅

အသက်တစ်ရာကျော်သူ အမြောက်အမြားရှိနေမှုကြောင့် လူသိများသော ဂျပန်နိုင်ငံသည် ယခုအခါ နှစ်ယောက်ပေါင်း အသက် ၂၀၈ နှစ်ရှိသော ဘိုးဘိုးဘွားဘွား မောင်နှံ၏ အိမ်ထောင်သက် နှစ်ရှစ်ဆယ် လျှို့ဝှက်ချက်မှာ ဇနီးသည်၏ သည်းခံမှုဖြစ်သည်ဆိုသောအချက်ကို ထုတ်ပြန်လိုက်ကြောင်း VOA သတင်းတွင် ဖော်ပြထားသည်။

၁၉၃၇ အောက်တိုဘာလက လက်ထပ်ခဲ့ကြသော မာဆာအို မတ်ဆုမိုတို ၁၀၈ နှစ်နှင့် မီယာကို ၁၀၀ နှစ်တို့သည် လက်ရှိတွင် ကမ္ဘာ့အသက်အကြီးဆုံး ဇနီးမောင်နှံဖြစ်သည်ဟု ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းက အတည်ပြုလိုက်ပြီဖြစ်သည်။

၎င်းတို့နေထိုင်သော ဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွင် ဂင်းနစ်အသိအမှတ်ပြုလက်မှတ်ရှေ့၌ အဘိုးမာဆာအိုအပါအဝင် မိသားစုဝင်များနှင့်အတူ ဓာတ်ပုံရိုက်ခံခဲ့သော အဘွားမီယာကိုက “တကယ်ကို ဝမ်းသာပါတယ်။ တကယ်တော့ ကျွန်မရဲ့ သည်းခံမှုတွေကြောင့်ပေါ့” ဟု အပြုံးဖြင့် ပြောဆိုလိုက်သည်။

“ဝမ်းသာလွန်းလို့ မျက်ရည်တောင်လည်မိတယ်” ဟု ဘွားဘွားမီယာကိုက ဆိုသည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ ပါဝင်နေသည့်အပြင် ပင်လယ်ရပ်ခြားသို့ စစ်မှုထမ်းရန် မာဆာအိုသွားရောက်ခဲ့ရခြင်းကြောင့် မတ်ဆုမိုတိုမောင်နှံသည် လက်ထပ်မင်္ဂလာပွဲကို မကျင်းပနိုင်ခဲ့သော်လည်း ယခင်လက မွေးဖွားခဲ့သော ၂၅ ယောက်မြောက် မြစ်ကလေး အပါအဝင် မိသားစုကြီးကို စုဖွဲ့ရာတွင် အတားအဆီးမရှိခဲ့ပေ။

“သူတို့က ဘဝရဲ့ နောက်ဆုံးအခန်းကို ရောက်နေကြပါပြီ။ ဒီဆုကို လက်ခံရရှိတာ ဂုဏ်ယူစရာပါ။ ငြိမ်းချမ်းတဲ့ဘဝကို သူတို့ ဆက်လက်နေထိုင်သွားနိုင်ဖို့ ကျွန်မဆုတောင်းပါတယ်” ဟု သမီးဖြစ်သူ ဟီရိုမီက ပြောကြားသည်။

ဂျပန် ကျန်းမာရေးဌာန ကိန်းဂဏန်းများအရ ဂျပန်လူမျိုးတို့သည် ပျှမ်းမျှအသက် ၈၄ နှစ်ဖြင့် ကမ္ဘာတွင် သက်တမ်းအရှည်ဆုံးလူမျိုးများထဲတွင် အဆင့် ၂ နေရာမှ ရပ်တည်နေပြီး ထိပ်ဆုံးနေရာရှိ ဟောင်ကောင်သူ ဟောင်ကောင်သားများ၏ နောက်တွင် ကပ်လျက်လိုက်ပါနေသည်။

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် အသက်အရှည်ဆုံး ဇနီးမောင်နှံအဖြစ် စံချိန်တင်ထားသူမှာ နော်ဝေးမှ ကားလ်နှင့် ဂါဒရင် ဒိုလ်ဗန် ဇနီးမောင်နှံဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဂါဒရင် ကွယ်လွန်ခဲ့ချိန်တွင် နှစ်ဦးပေါင်း အသက် ၂၁၀ နှစ် ၁ လ နှင့် ၃၄ ရက် ရှိခဲ့သည်ဟု ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် ဖော်ပြထားသည်။

F-04