News

POST TYPE

POLITICAL

တွံတေးတူးမြောင်းရှိ သင်္ဘောပေါ်သို့ တက်လုသူနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ၍ သေဆုံး
05-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၄

တွံတေးတူးမြောင်းထဲရှိ ကျောက်ချရပ်နားထားသော သင်္ဘောတစ်စင်းပေါ်တွင် စက်တင်ဘာလ ၄ ရက် နံနက် ၁ နာရီခန့်က ဓားရှည်များကိုင်၍ လုယက်မှု ကျူးလွန်ရန် ကြံစည်နေသူ အမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲက စောင့်ဆိုင်းဖမ်းဆီးစဉ် ဓားဖြင့်ရန်ပြုတိုက်ခိုက်မှုကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာ ယင်းနှစ်ဦးမှာ ကျည်မှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

ဆိပ်ကြီးခနောင်တို မြို့မ ရဲစခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်လေးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများမှာ တွံတေးတူးမြောင်းအတွင်း ရပ်နားထားသည့် ရေယာဉ်များပေါ်တွင် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေသောကြောင့် စက်တင်ဘာလ ၃ ရက် ညပိုင်းက ဆိပ်ကြီးခနောင်တို အရှေ့ရပ်ကွက်ပိုင် တွံတေးတူးမြောင်းထဲရှိ ဦးစံသိန်းကျောက်ကွင်းအနီး ကျောက်ချရပ်နားထားသော မြတ်ပါဝါ ကျောက်တင်သင်္ဘောပေါ်တွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့သည်။

ယင်းသို့ စောင့်ဆိုင်းနေချိန် စက်တင်ဘာလ ၄ ရက် နံနက် ၁ နာရီခန့်က အမည်မသိအမျိုးသားသုံးဦး စီးလာသော စက်လှေတစ်စင်း မြတ်ပါဝါ ကျောက်တင်သင်္ဘောအနီး ချဉ်းကပ်လာပြီး ဓားရှည်ကိုင်ဆောင်ထားသူနှစ်ဦး သင်္ဘောပေါ် တက်ရောက်လာသဖြင့် လက်နက်ချရန်ပြောဆိုရာ ၎င်းတို့နှစ်ဦးက ဓားဖြင့်ပြေးဝင်ခုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့် ခုတ်ခံရမှုကြောင့် ဒုရဲအုပ်ဇော်မင်းထိုက်၏ နဖူးတွင် ပြတ်ရှဒဏ်ရာရခဲ့ပြီး ပွိုင့် ၃၈ ဗို့ ခြောက်လုံးပြူး သေနတ်နှင့် MA-၁၃ သေနတ်တို့ဖြင့် ပစ်ခတ်ဖမ်းဆီးခံရသည့် အသက် ၂၅ နှစ် ဝန်းကျင်ရှိ ဓားရှည်များ ကိုင်ဆောင်ထားသော အမျိုးသားနှစ်ဦး လည်ပင်း၊ ရင်အုံတို့တွင် ကျည်ပေါက်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

အခင်းဖြစ်ပွားချိန် စက်လှေပေါ်တွင် ကျန်ရှိနေသည့် အမည်မသိ အမျိုးသားတစ်ဦး ရေထဲခုန်ချ ထွက်ပြေးတိမ်းရှောင်သွားပြီး ယင်းစက်လှေပေါ်မှ ဓားရှည်၊ လေးခွနှင့် ကျောက်စရစ်ခဲ၊ လက်ကိုင်ဖုန်းတို့ကို သိမ်းဆည်းရမိခဲ့ပြီးနောက် ယင်းအမှုကို ဆိပ်ကြီးခနောင်တို မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၇/၃၃၃/၁၁၄ အမှုဖွင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03


  • VIA