News

POST TYPE

POLITICAL

NHK အင်တာဗျူးပါ ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်ကြောင့် အလွန်ဝမ်းနည်းရသည်ဟု ကိုဝလုံး၏ ဇနီးပြော
05-Sep-2018



ရန်ကုန် ၊ စက်တင်ဘာ ၎

နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံလိုက်ရသည့် ရိုက်တာ သတင်းထောက်နှစ်ဦးအမှုကို စစ်ဆေးနေစဉ် အတောအတွင်း ဂျပန်သတင်းဌာန NHK နှင့် ပြုလုပ်သည့် အင်တာဗျူး တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှစ်ဦး အပေါ်ပေးသည့် မှတ်ချက်ကြောင့် အလွန်စိတ်မကောင်း၊ ဝမ်းနည်းရသည်ဟု သတင်းထောက်တစ်ဦးဖြစ်သူ ကိုဝလုံး၏ဇနီး မပန်းအိမွန်က ပြောသည်။

ရန်ကုန်မြို့ အောခစ်ဟိုတယ်၌ စက်တင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ပြုလုပ်သည့် ရိုက်တာ သတင်းထောက်နှစ်ဦး ထောင်ဒဏ် ခုနစ်နှစ်စီ အပြစ်ပေးခံရခြင်းနှင့် ပတ်သက်ပြီး ညနေပိုင်းက ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

ဇွန်လ ၈ ရက်နေ့က ဖော်ပြခဲ့သည့် NHK ရုပ်သံသတင်းဌာနနှင့် သီးသန့် အင်တာဗျူးတစ်ခုတွင် NHK သတင်းထောက်က ရိုက်တာသတင်းထောက်နှစ်ဦး ရခိုင်ပြည်နယ်အရေးအခင်းကိစ္စ သတင်းလိုက်ရင်း ဖမ်းဆီးခံရသည့်ဖြစ်စဉ်အပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများကို မည်သို့တုံ့ပြန်ချင်သလဲဟု မေးသည့်အခါ ၎င်းက သတင်းထောက်နှစ်ယောက်သည် “ရခိုင်ကိစ္စကို သတင်းယူလို့ အဖမ်းခံရတာမဟုတ်ပါဘူး။ သူတို့ဟာ နိုင်ငံတော် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေကို ချိုးဖောက်လို့ အဖမ်းခံခဲ့ရတာပါ” ဖြေကြားခဲ့ခြင်းဖြစ်သည်။

“(ဒေါ်အောင်ဆန်းစုကြည်က) အဲဒီလိုမျိုး ဖြေလိုက်တဲ့အခါမှာ တော်တော်ကို စိတ်လည်းမကောင်းဘူး။ ဝမ်းလည်းနည်းတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ အစ်မတို့ အရမ်းကို အထင်ကြီးလေးစားခဲ့ရတဲ့ပုဂ္ဂိုလ်”ဟု ရှင်းလင်းပွဲတွင်ပြောသည်။

ကိုဝလုံးနှင့် ကျော်စိုးဦး လွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် လက်ရှိသမ္မတ ဦးဝင်းမြင့်အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဝန်ကြီးဌာန ၇ ခုတို့ထံ သနားခံစာတင်ခဲ့သော်လည်း ဦးရွှေမန်းကော်မရှင်ထံမှ စာလက်ခံရရှိကြောင်း အကြောင်းကြားစာ တစ်စောင်သာ ရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

“အသနားခံစာကိုလည်း ထပ်တင်မှာပေါ့။ ကိုယ့်အမျိုးသားလွတ်မြောက်ဖို့ကို ဘယ်အရာမဆို လုပ်သွားမယ်။ စားဝတ်နေရေး သတင်းဌာနက ထောက်ပံ့ပေးထားတော့ အဆင်ပြေပါတယ်”ဟု ၎င်းက ဆိုသည်။ 

ကိုကျော်စိုးဦး ဇနီးဖြစ်သူ မချစ်စုဝင်း ကမူ ခင်ပွန်းဖြစ်သူ ထောင်ချခံရသည့် အတွက် သမီး စိတ်ဒဏ်ရာရှိမည်ကို စိုးရိမ်မိကြောင်း က ပြောကြားသည်။ 

“မတရားဘူး။ ခုနစ်နှစ်ဆို သမီးက ၁၀ နှစ်ဖြစ်ပြီး မူကြိုထားကတည်းက အတူတူထားမယ်လို့ မျှော်လင့်ထားတယ်။ အိမ်က သမီးဆိုရင် မေးပါတယ်။ မေမေရယ်၊ အဖေက မေမေ့ကို မချစ်လို့လား၊ မီးမီးတို့နဲ့ အတူမနေချင်လို့လား၊ အမေတစ်ယောက်အနေနဲ့ ခံစားရပါတယ်”ဟု ၎င်းက ပြောသည်။ 

စွဲချက်တင်မှုကို ပြင်ဆင်ချက် လျှောက်ထားမှု မရှိခြင်းနှင့် ပတ်သက်ပြီး The Voice Daily က မေးမြန်းရာ သတင်းထောက်နှစ်ဦးအမှု တရားရင်ဆိုင်ရချိန်တွင် အာမခံလျှောက်ထားအပြီး တိုင်းတရားရုံးလွှတ်တော်၊ တရားရုံး အဆင့်ဆင့်တက်ရသော်လည်း သတင်းထောက်နှစ်ဦး ချုပ်နှောင်ခံရသည့်လ ပိုကြာနိုင်သွားမည် စိုးရိမ်သောကြောင့် ပြင်ဆင်ချက် မတက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းထောက်နှစ်ဦးရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။ 

သတင်းထောက်နှစ်ဦး အမှုသည် ၃၈ ကြိမ်ရုံးချိန်း အချိန် ၉ လ ကြာမြင့်ခဲ့သည်။ ကျွန်တော်တို့ အဆင့်ဆင့်တက်လို့ ရရဲ့သားနဲ့ ဘာလို့ မတက်ခဲ့သလဲဆိုတော့ ကျွန်တော်တို့ အာမခံလျှောက်ပါတယ်။ ကြားထဲမှာ အဆင့်ဆင့်တက်လို့ရတယ်။ သို့ပေမယ့် ခရိုင်ရုံးကနေ တိုင်းတရားရုံး တက်လို့ရတယ်။ တစ်ဖက်က နိုင်ငံရေးအမှုတွေ ရင်ဆိုင်ရတာက အရပ်ထဲက သာမန်အမှုတွေနဲ့ မတူဘူး။ ယုံကြည်ချက်နဲ့စွဲကိုင်တဲ့ အမြင်ရှိတယ်။ ရှေ့နေက အပေါ်ကို တက်ရင် ကြားထဲမှာ နှစ်လသုံးလ ဒီကြားထဲမှာ စစ်ဆေးမှုမရှိဘဲ ချုပ်ထားတာနဲ့ သုံးလေးလ ပိုချုပ်ခံရမှာစိုးလို့ မတက်ခဲ့ဘူး”ဟု ဦးသန်းဇော်အောင်က ဆိုသည်။

သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းခံရမှန်းသိသော်လည်း ရိုက်တာသတင်းဌာနက အစိုးရကို မည်သည့်အခါမျှ တရားပြန်မစွဲဟု ဆွေးနွေးထားသောကြောင့်ဟု သက်သေခံပစ္စည်း ဖျောက်ဖျက်ခံရမှုကို တိုင်ကြားမှုမပြုလုပ်ခဲ့ကြောင်း ဦးသန်းဇော်အောင်က ပြောကြားသည်။  

J-18