News

POST TYPE

POLITICAL

ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင် ၇ နှစ်စီချ၊ အယူခံ ဆက်ဝင်မည်
04-Sep-2018



ရန်ကုန်၊ စက်တင်ဘာ ၃

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို စက်တင်ဘာ ၃ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ခုနစ်နှစ်စီ အမိန့်ချမှတ်လိုက်သည်။

သတင်းထောက် ကိုဝလုံးဖုန်းမှ ရရှိသည့် ပုပ်ရဟန်းမင်းကြီး လမ်းကြောင်းစာရွက်၊ ဒုသမ္မတဦးမြင့်ဆွေ ခရီးစဉ်လမ်းကြောင်းနှင့် ကိုဝလုံးနေအိမ်ရှိ မှတ်စုစာအုပ်တွင် AA ညိုထွန်းအောင် ဖုန်းနံပါတ်တို့ကို တွေ့ရှိသောကြောင့် နိုင်ငံတော်အစိုးရနှင့် ဆန့်ကျင်သည့် အဖွဲ့အစည်းများနှင့် အဆက်အသွယ်၊ အချက်အလက်များ ပေးပို့နိုင်ဖွယ်ရှိသည်ဟု သုံးသပ်ကာ ယနေ့ရုံးချိန်းတွင် တရားသူကြီးက ထိုသို့အမိန့်ချ မှတ်လိုက်ကြောင်း သတင်းထောက်နှစ်ဦး၏ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ဒီနေ့ စီရင်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်စရာကောင်းပါတယ်။ ဒီမိုကရေစီသွားနေတဲ့ မြန်မာနိုင်ငံက တရားဥပဒေစိုးမိုးရေး ဆိုးရွားနေပြီဆိုတာကို ပြသလိုက်တာပါ။ ဒီသတင်းထောက်နှစ်ယောက် လွှတ်မြောက်ရေးအတွက် လုပ်နိုင်စရာ အကုန်လုပ်သွားမှာပါ။ အယူခံဝင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

တရားရုံး ဆုံးဖြတ်ချက်သည် ဒီမိုကရေစီနှင့် သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တာဟု ရုံးချိန်းအပြီး သတင်းထောက် ကိုဝလုံးက ပြောကြားသည်။

“ပုပ်ရဟန်းမင်းကြီး လမ်းကြောင်း စာရွက်တွေ့လို့ ထောင်ချတယ်။ ကိုညိုထွန်းအောင်ဖုန်းနံပါတ်ကို မှတ်ထားလို့ ထောင်ချတယ်။ ဒုသမ္မတဦးမြင့်ဆွေ ခရီးစဉ်ကို ဖေ့ဘွတ်ထဲမှာတွေ့လို့ ထောင်ချတယ်။ ဒါက တရားမျှတမှုရှိလား။ ကျွန်တော်အတည်ငြိမ်ဆုံး ရင်ဆိုင်ပါမယ်။ အမှားမလုပ်ခဲ့ဘူး”ဟု ၎င်းက မီဒီယာများကို ပြောဆိုသည်။

ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်လိုက်ခြင်းသည် သတင်းသမားအားလုံးနှင့် သတင်းလွတ်လပ်ခွင့်အပေါ် ဆိုးရွားသည့် သက်ရောက်မှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း သတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က ပြောကြားသည်။

“ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး သတင်းယူလို့မရဘူးဆိုတာကို အထင်အရှားပြလိုက်တာပါ။ အဲဒီ Message က သတင်းသမားအားလုံးအပေါ် သက်ရောက်တယ်။ ရခိုင်သတင်းရေးရင် အရင်းအနှီး အကြီးအမားပေးရမယ်ဆိုတာကို ချပြလိုက်တာပါ”ဟု ၎င်းက ဆိုသည်။

အစိုးရအနေနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် မရှိခြင်း၊ သတင်းလွတ်လပ်ခွင့်ကို အလေးမထားခြင်းဆိုသည့် ပုံရိပ်ကို နိုင်ငံတကာသို့ ပြသနေကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

ယနေ့အမိန့်ချအပြီး တရားရုံးမှ ထွက်လာသူ သတင်းထောက်ကိုကျော်စိုးဦးက “လျှို့ဝှက်အပ်တဲ့ သတင်းအရင်းအမြစ်တွေကို သတင်းသမားတွေက ကာကွယ်ရမယ်တဲ့။ ဒါပေမဲ့ သတင်းမီဒီယာကျင့်ဝတ်မှာ အများပြည်သူရဲ့ သိပိုင်ခွင့်တွေကို ဖော်ထုတ်ရမယ်ဆိုတာက ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုတယ်။ ကျွန်တော်တို့ကို ထောင်ချမယ့်အစား ပြည်သူ့လူထုရဲ့ နားတွေနဲ့ မျက်စိတွေကို ပိတ်လိုက်ပါတော့”ဟု ဆိုသည်။

ယနေ့တရားရုံးချိန်းသို့ နိုင်ငံတကာ သံအမတ်များ၊ သတင်းမီဒီယာသမားများ၊ အသံအဖွဲ့နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ လူအင်အား ၁၅၀ ခန့် လာရောက်ခဲ့သည်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင် ၇ နှစ်စီ ချမှတ်ခံရသော ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံရုံးတို့က ယနေ့တွင် တောင်းဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း ရိုက်တာသတင်းထောက်များဖြစ်သော အသက် ၃၂ နှစ်ရှိ ကိုဝလုံး (ခ) သက်ဦးမောင် နှင့် အသက် ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့ ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဉ်အတွက် စုံစမ်းထောက်လှမ်းနေစဉ် ရဲတပ်ဖွဲ့က ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်း စစ်ဆေးကာ ဒီဇင်ဘာလ ၂၇ ရက်၌ ရုံးထုတ်ခဲ့ပြီး ဆက်လက်စစ်ဆေးရန် ရမန်ယူခဲ့သည်။

တရားရုံးစစ်ဆေးချိန်ကာလ၌ သတင်းထောက်များ ရရှိသော စာရွက်စာတမ်းပါ အချက်အလက်များသည် သတင်းစာများတွင် ဖော်ပြပြီးဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ထွက်ဆိုထားသော်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က အာမခံလျှောက်ထားမှုကို တရားရုံးပယ်ခဲ့ပြီး အင်းစိန်ထောင်တွင် ဆက်လက်ထိန်းသိမ်းခဲ့သည်။

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး စုံစမ်းထောက်လှမ်း ရေးသားခဲ့သည့် အင်းဒင်ရွာ သတ်ဖြတ်မှုအကြောင်း ဆောင်းပါးကို ဖော်ဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ဧပြီလ ၂၀ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်က သတင်းထောက်များကို ထောက်ချောက်ဆင်ဖမ်းရန် အမိန့်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် မေလ ၂ ရက်တွင် တရားလိုဘက်မှ မယုံကြည်ရသက်သေ သတ်မှတ်ရန် လျှောက်ထားချက်ကို တရားရုံးက ပယ်ခဲ့သည်။

ယင်းသို့ နှစ်ဘက်သက်သေများကို စစ်ဆေးမေးမြန်းရင်း ဇူလိုင်လ ၉ ရက် ရုံးချိန်တွင် တရားရုံးက သတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနှင့် စွဲချက်တင်ခဲ့သည်။

ယင်းနောက် ဩဂုတ်လ ၂၀ ရက် ရုံးချိန်းတွင် တရားရုံးက ၎င်းတို့နှစ်ဦးကို ဩဂုတ်လ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချရန် ကြေညာခဲ့သော်လည်း ယင်းရက်တွင် တရားသူကြီး ကျန်းမာရေးမကောင်းသဖြင့် အပြီးသတ်အမိန့်ချမည့်ရက်ကို စက်တင်ဘာလ ၃ ရက်သို့ ရွှေ့ခဲ့သည်။

J-18