News

POST TYPE

POLITICAL

ဂျာမနီတွင် လက်ယာစွန်းအင်အားစုနှင့် ဖက်ဆစ်ဆန့်ကျင်ရေး အင်အားစုတို့ ပြိုင်တူဆန္ဒပြ၊ မာကယ်လ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒအပေါ် မကျေနပ်မှုများမြင့်တက်
03-Sep-2018


ချမ်းမနစ်ဇ်၊ စက်တင်ဘာ ၂

ဂျာမနီနိုင်ငံအရှေ့ပိုင်း ချမ်းမနစ်ဇ်မြို့တွင် အဓိပတိအန်ဂလာမာကယ်လ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဆန့်ကျင်ရှုတ်ချသည့် အင်အားစုများနှင့် ထောက်ခံသဘောတူညီသည့် အင်အားစုများ ယမန်နေ့က ချီတက်ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့သော်လည်း ပဋိပက္ခမဖြစ်ပွားဘဲ ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပင် ပြီးဆုံးသွားကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ချမ်းမနစ်ဇ်မြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမန်လူမျိုး လက်သမားဆရာတစ်ဦး ဓားထိုးခံရခြင်းကြောင့် သေဆုံးသွားမှုအပေါ် မကျေနပ်ကြသည့် လက်ယာစွန်း အမျိုးသားရေးဆန္ဒပြ အင်အားစုများ ယင်းမြို့တွင် ရက်အတော်ကြာ ဆန္ဒပြခဲ့ရာ တန်ပြန်ဆန္ဒပြအင်အားစုများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ယခုလို ထပ်မံဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

ယခုနောက်ဆုံးဆန္ဒပြပွဲတွင် ဂျာမနီ ဘွန်ဒါစတာ့ခ် ပါလီမန်လွှတ်တော်၌ နေရာရလာသည့် လက်ယာယိမ်း AfD ပါတီနှင့် အစ္စလာမ်ဆန့်ကျင်ရေး PEGIDA အုပ်စုကို ထောက်ခံသူ အင်အားစု ၆၀၀၀ ကျော်ခန့် ပါဝင်ခဲ့သည်။ ၎င်းတို့က ဂျာမနီတွင် ရွှေ့ပြောင်းအခြေချလာသူများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသူများ၏ ဓာတ်ပုံပိုစတာကြီးများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ 

အချို့က“အန်ဂလာမာကယ်လ် နုတ်ထွက်ပေးပါ”၊ “ကျုပ်တို့ပြည်သူ” ဟု အော်ဟစ်ပြီး ဂျာမန်အလံများ ဝှေ့ယမ်းခဲ့ကြသည်။ 

တစ်ချိန်တည်းမှာပင် ဖက်ဆစ် (အမျိုးသားရေး အစွန်းရောက်) ဝါဒ ဆန့်ကျင်ရေး ဆန္ဒပြသူများက “ချမ်းမနစ်ဇ်သည် မီးခိုးလည်းမဟုတ် အညိုလည်းမဟုတ်။ အမုန်းမြို့လည်းမဟုတ် နှလုံးသားသာဖြစ်သည်” ဟု ရေးသားထားသည့် စာတန်းများကိုကိုင်ဆောင်ကာ ချီတက် ဆန္ဒပြကြသည်။

လက်ယာနှင့်လက်ဝဲဆန္ဒပြ အင်အားစုနှစ်ရပ် ထိပ်တိုက်ပဋိပက္ခဖြစ်မည်ကို စိုးရိမ်သော ရဲတပ်ဖွဲ့ဝင်မြောက်မြားစွာက အထူးတင်းကျပ်စွာစောင့်ကြည့်ခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဆန္ဒပြပွဲတွင် လက်ယာစွန်းအင်အားစု အရေအတွက်က လက်ဝဲအင်အားစုထက် အဆပေါင်းများစွာများပြားခဲ့သည်။ 

ဖက်ဆစ်ဆန့်ကျင်ရေး လက်ဝဲယိမ်း အင်အားစုများက အမျိုးသားရေးဝါဒီများကို နာဇီလက်သစ်များဖြစ်သည်ဟု စွပ်စွဲကြသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဆန္ဒပြမှုများသည် ချမ်းမနစ်ဇ်မြို့မှ လက်သမားကို ဓားထိုးသတ်ဖြတ်ခဲ့သူဟု သံသယရှိသူများအား ဖမ်းဆီးလိုက်သည့် သတင်းပေါက်ကြားခဲ့ပြီးနောက် ထွက်ပေါ်ခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါ ဓားထိုးတိုက်ခိုက်ခံရမှုတွင် ရဲတပ်ဖွဲ့က အီရတ်နှင့်ဆီးရီယားအနွှယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆန္ဒပြမှုများဖြစ်ပေါ်နေသည့် ရက်ပိုင်းအတွင်း ရွှေ့ပြောင်းအခြေချသူအချို့ ထိုးကြိတ်တိုက်ခိုက်ခံခဲ့ရသည်ဟုလည်း ဂျာမန်ရဲတပ်ဖွဲ့ကဆိုသည်။ 

ဂျာမနီနိုင်ငံတွင် အဓိပတိအန်ဂလာ မာကယ်လ်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့်ပတ်သက်၍ မကျေနပ်မှုများ မြင့်တက်လျက်ရှိသလို ယင်းမူဝါဒကြောင့် လက်ယာစွန်းဝါဒီများ ပြန်လည်ခေါင်းထောင်လာသည်ဟုလည်း နိုင်ငံရေးအကဲခတ်များက ဆိုသည်။ 

၂၀၁၅ ခုနှစ်အတွင်း အန်ဂလာ မာကယ်လ်ချမှတ်ခဲ့သော မူဝါဒအရ ဂျာမနီတွင်ခိုလှုံခွင့်တောင်းခံသူ ဒုက္ခသည်သန်းပေါင်းများစွာကို ဂျာမနီက လက်ခံခဲ့သည်။ ၎င်းတို့အများစုမှာ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်တို့မှ မွတ်ဆလင်များ ဖြစ်ကြသည်။

F-01