News

POST TYPE

POLITICAL

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး လှုပ်ရှားမှုလုပ်


ရန်ကုန်၊ စက်တင်ဘာ ၁

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသော ရိုက်တာ သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး လှုပ်ရှားမှုကို စက်တင်ဘာလ ၁ ရက်နေ့က ရန်ကုန် မြို့တွင် ပြုလုပ်ခဲ့ရာ သတင်းမီဒီယာသမားများ၊ အသံအဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်းတို့မှ လူအင်အား ၁၀၀ ခန့်က ဘူတာရုံလမ်း (အင်းစိန်လမ်းထောင့်) လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းမှ အင်းလျားကန်ပေါင်အထိ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပြည်သူလူထု သတင်းမှန် သိခွင့်ရှိရေးနှင့် သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးလှုပ်ရှားမှု ဆန္ဒဖော်ထုတ်ပွဲတွင် ဖမ်းဆီးခံ သတင်းထောက်နှစ်ဦး ချက်ချင်းလွှတ်၊ သတင်းအမှန်ရရှိရေး … ဒို့အရေး ဟု ကြွေးကြော်သံများ၊ FREE WA LONE AND KYAW SOE OO  ရေးသားထားသည့် ဗီနိုင်းများ၊ သတင်းအမှန် သိခွင့်ရရှိရေးသည် ပြည်သူ့အခွင့်အရေးဖြစ်သည်ဟု ဗီနိုင်းများ၊ မိုးပျံပူဖောင်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖမ်းဆီးခံထားရသော သတင်းထောက်နှစ်ဦးတွင် အပြစ်မရှိသည့်အတွက် ချက်ချင်းလွှတ်ပေးရန်နှင့် မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရပါက သတင်းမီဒီယာနှင့် မဏ္ဍိုင်သုံးခုကြားတွင် ဆက်ဆံရေး ပျက်ပြားသွားနိုင်ကြောင်း သတင်းသမားများ ကာကွယ်ရေးကော်မတီမှ ကိုသာလွန်ဇောင်းထက်က ပြောကြားသည်။ 

“ဒီသတင်းထောက်နှစ်ယောက်ကို ထောင်ချလိုက်မယ်ဆိုရင် ကျွန်တော်တို့ PCJM အနေနဲ့တော့ ကမ်ပိန်းတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်သွားမှာပါ။ သတင်းသမားတွေ လမ်းပေါ်ထွက်လာလိမ့်မယ်”ဟု ၎င်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ် အင်းဒင်ရွာတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် သတင်းကို စုံစမ်းခဲ့ကြသော ရိုက်တာသတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ၂၀၁၇ ဒီဇင်ဘာလ ၂၁ ရက်နေ့က မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး အဆိုပါ စာရွက်စာတမ်းများမှာ ယင်းစားသောက်ဆိုင်သို့ အတူလာရောက်တွေ့ဆုံသည့် ရဲတပ်ဖွဲ့ဝင်အချို့က ပေးလိုက်ခြင်းဖြစ်ကြောင်း တရားရုံး၌ ထွက်ဆိုထားသည်။

ကိုလိုနီခေတ်က ပြဋ္ဌန်းထားခဲ့သော နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ မပါသည့်အတွက် သတင်းသမားလက်ထဲတွင် အစည်းအဝေးမှတ်တမ်းတစ်ခု တွေ့လျှင်ပင် အရေးယူနိုင်သည့် အခြေအနေဖြစ်နေသည်ဟု အသံအဖွဲ့ဦးဆောင်သူ မောင်ဆောင်းခက ပြောကြားသည်။

“ရေရှည်ကို စဉ်းစားရင် သတင်းထောက်နှစ်ဦး လွတ်မြောက်ရေးရယ်၊ ပြည်သူတွေ သတင်းသိပိုင်ခွင့်ကို ဆုံးရှုံးတယ်။ အဲဒါ့ကြောင့် ပြည်သူသိအောင် လှုပ်ရှားမှုလုပ်တာပါ”ဟု ၎င်းက ပြောကြားသည်။

အမှုရင်ဆိုင်နေရသော သတင်းထောက်နှစ်ဦး၏ အမှုကို လာမည့် စက်တင်ဘာလ ၃ ရက်နေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ 

J-18