News

POST TYPE

POLITICAL

တပ်မတော်က ထုတ်ဝေသည့် စာအုပ်၌ ဓာတ်ပုံအတုများ အသုံးပြုဟု ရိုက်တာ ဖော်ထုတ်ရေးသား
02-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၁

တပ်မတော်က မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်အပိုင်း (၁) စာအုပ်တွင် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ ဓာတ်ပုံအတုများ ထည့်သွင်းအသုံးပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ထုတ်ရေးသားခဲ့သည်။

အဆိုပါစာအုပ်တွင် ဖော်ပြထားသည့် ဘင်္ဂါလီအရေးနှင့် ပတ်သက်သည့် ဓာတ်ပုံသုံးပုံမှာ မှားယွင်းနေကြောင်း ရေးသားထားသည်။

တပ်မတော်မှ ရေးသားထုတ်ဝေသည့် အဆိုပါ စာအုပ်သစ်တွင် လယ်ယာသုံး ကိရိယာတစ်ခုတွင် လူသေအလောင်း ပေါ်ရပ်နေသည့် လူတစ်ယောက်ပုံအား မှုန်ဝါးထားသည့်အဖြူအမည်း ဓာတ်ပုံ၌ ဒေသခံတိုင်းရင်းသားများကို ဘင်္ဂါလီများက သတ်ဖြတ်ထားသည့် ပုံဟု စာအုပ်တွင် ဖော်ပြခဲ့ပြီး မူရင်းပုံမှာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲအတွင်းက ရိုက်ကူးခဲ့သော ပုံဖြစ်ပြီး ပါကစ္စတန် စစ်တပ်နှင့် ဘင်္ဂလားဒေ့ရှ် လူများများ သတ်ဖြတ်မှုအကြောင်းဖြစ်ကြောင်း ဖော်ထုတ်ရေးသားထားသည်။

ထို့ပြင် အခြားဓာတ်ပုံတစ်ပုံဖြစ်သည့် ရဝမ်ဒါလူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ပွားစဉ်က ထွက်ပြေးလာသည့် ဒုက္ခသည်များ ပုံကိုလည်း ဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့်ပုံအဖြစ် ဖော်ပြထားသည်။ 

အခြားဓာတ်ပုံတစ်ပုံတွင် ၂၀၁၅ ခုနှစ်ပိုင်းက ဘင်္ဂါလီများ မြန်မာနိုင်ငံက ထွက်ခွာနေပုံကို ဘင်္ဂါလီများ ဝင်လာပုံဟု ဖော်ပြထားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကလည်း ၎င်းအနေနှင့် သိရရှိခြင်း မရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သတ်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေး၊ အစိုးရပြောရေးဆိုခွင့်ရှိသူတို့ထံ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

J-08


  • VIA