News

POST TYPE

POLITICAL

ငဝန်မြစ်ကြောင်းကို အင်းအဖြစ် ရောင်းစားသည်ဟုဆိုကာ သမ္မတထံတိုင်ကြား
31-Aug-2018
ဟင်္သာတ၊ ဩဂုတ် ၃၀

အင်္ဂပူမြို့နယ်တွင် ဒေသခံရေလုပ်သားများ ဘုံငါးဖမ်းကွက်အဖြစ် ရှာဖွေစားသောက်နေသည့် ငဝန်မြစ်ကြောင်းကို အင်းဧရိယာအတွင်း ထည့်သွင်းရောင်းချခြင်းကြောင့် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူးအပါအဝင် အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးမှူးနှင့် အင်းသားကြီးတို့ကို အရေးယူပေးရန် နိုင်ငံတော်သမ္မတအပါအဝင် ဌာနဆိုင်ရာအသီးသီးထံ တင်ပြတိုင်ကြားထားကြောင်း ဒေသခံများကိုယ်စား ဦးဆောင်တိုင်ကြားသူ ဦးဝင်းဇော်ကိုက ပြောကြားသည်။

အဆိုပါ မြစ်ကြောင်းမှာ အင်္ဂပူမြို့နယ်ရှိ သဒ္ဓမ္မကျွန်းကျေးရွာ အပါအဝင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်း မြို့အနီးအထိ ရေလုပ်သားများစွာ အားကိုးအားထားပြုနေရသည့် မြစ်ကြောင်းဖြစ်ခြင်းကြောင့် ရေလုပ်သား ၅၀ ခန့်က လက်မှတ်ရေးထိုး တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားရာတွင် ပါဝင်သည့် ဦးတင်အောင်က ပြောဆိုသည်။ 

ငဝန်မြစ်ကြောင်းကို အင်းအဖြစ် ရောင်းစားသည်ဟု ဒေသခံများ၏တိုင်ကြားချက်မှာ မှားယွင်းနေပြီး ယင်းမြစ်ကြောင်းနှင့် ပတ်သက်၍ လက်ရှိတာဝန်ထမ်းဆောင်နေသည့် အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးနှင့် ဟင်္သာတခရိုင်၊ ငါးလုပ်ငန်းဦးစီးတို့က စီမံရောင်းချခြင်းမဟုတ်ကြောင်း၊ ယခင်နှစ်များက အင်းဂရမ်မြေပုံအတွင်း ထည့်သွင်းရောင်းချထားသည့် အစဉ်အလာကြောင့် တရားဝင်ရောင်းချရခြင်းဖြစ်ပြီး ရေလုပ်သားများကို တရားစွဲဆိုထားသည်ဟုပြောဆိုခြင်းမှာလည်း အင်းသားကြီးကသာ တရားလိုပြုလုပ်ထားခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ထွန်းက ပြောကြားသည်။ 

R-13


  • VIA