News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု ဆုရွေးချယ်ရေးကော်မတီ ပြောကြား


အော်စလို - ရန်ကုန်၊ ဩဂုတ် ၃၀

မကြာသေးခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်ခေါင်းဆောင်များကို လူမျိုးတုံးရှင်းလင်းမှုဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတွင် တရားစွဲဆိုပေးရန် အကြံပြုတိုက်တွန်းထားသော ကုလသမဂ္ဂ၏ အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာသော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့ပြီးဖြစ်သည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအား ပြန်လည်ရုပ်သိမ်းမည်မဟုတ်ဟု နော်ဝေအခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီလူမျိုးများအား လူမျိုးတုံးရှင်းလင်းမှုအပါအဝင် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာတပ်မတော် ခေါင်းဆောင်များကို အရေးယူရမည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က ယခုသီတင်းပတ်အစပိုင်းတွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။ 

ယင်းအစီရင်ခံစာ ထွက်ပေါ်ပြီးနောက် လူ့အခွင့်အရေးအုပ်စုများအကြားတွင်သာမက သံတမန်များအသိုင်းအဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ 

“နိုဘယ်လ်ဆုတစ်ဆုဆိုတာ ရူပဗေဒဖြစ်စေ၊ စာပေ သို့မဟုတ် ငြိမ်းချမ်းရေးဖြစ်စေ၊ အတိတ်ကာလမှာ အဆိုပါဆုနဲ့ ထိုက်တန်လောက်သော ကြိုးပမ်းချက် ဒါမှမဟုတ် လုပ်ဆောင်ချက်တစ်ရပ်ကို ချီးမြှင့်သည့် ဆုတစ်ခုဖြစ်သည် ဆိုသည်ကို အမှတ်ရသင့်ပေသည်”ဟု နော်ဝေအခြေစိုက် နိုဘယ်လ်ဆု ရွေးချယ်ချီးမြှင့်ရေးကော်မတီ၏ အတွင်းရေးမှူး အိုလာ့ဗ်ဂျိုးစတာ့ခ်က ကြေညာချက်ထုတ်ပြန်သည်။ 

“ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ်မတိုင်မီကာလအထိ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရယူနိုင်ခဲ့တာပါ။ အဲဒီနှစ် (၁၉၉၁ ခုနှစ်) မှာ ဒေါ်အောင်ဆန်းစုကြည် ဆုရခဲ့တာပါ”ဟု ၎င်းက ပြောကြားသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိဟူသော စွပ်စွဲချက်များကြောင့် အောက်စဖို့တက္ကသိုလ် အပါအဝင် ဗြိတိန်နိုင်ငံရှိ အဖွဲ့အစည်းအချို့က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့သည့် ဆုတံဆိပ်တို့ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ သို့အတွက်ကြောင့် နိုဗယ်လ်ဆုရွေးချယ်ရေး ကော်မတီအနေနှင့်လည်း အလားတူရုပ်သိမ်းမှုများ ပြုလုပ်မည်လောဟူသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။ 

“နိုဘယ်လ်ဆုတွေဆိုတာ ပြန်လည်ရုပ်သိမ်းလို့မရပါဘူး။ ရုပ်သိမ်းလို့မရအောင် စည်းမျဉ်းဥပဒေသတွေနဲ့ကို ထိန်းချုပ်ထားတာပါ”ဟု အိုလာ့ဗ်ဂျိုးစတာ့ခ်က ဖြည့်စွက်ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော နိုဘယ်လ်ဆုနှင့်ပတ်သက်၍ ကော်မတီမှ တာဝန်ရှိသူက ယင်းသို့ အတိအလင်း အသိပေးပြောဆိုပြီးနောက် မကြာမီ နာရီပိုင်းတွင်ပင် မကြာမီရက်ပိုင်းအတွင်း ရာထူးမှ အငြိမ်းစားယူတော့မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဇစ်ရာအတ် အယ်လ်ဟူစိန်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစစ်တပ်ကို ခွင့်လွှတ်နားလည်ပေးနေခြင်းထက် နေအိမ်အကျယ်ချုပ်ဘဝတွင် ပြန်နေသင့်သည်ဟု ဝေဖန်ထိုးနှက်လိုက်သည်။ 

“သူမအနေနဲ့ တစ်စုံတစ်ခုလုပ်လို့ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အသံတိတ်နေလို့လည်းရတယ်၊ ဒါမှမဟုတ် ပိုကောင်းအောင် လုပ်ပေးလို့လည်း ရတယ်။ ရာထူးက ထွက်ပေးလို့လည်းရတယ်။ သူမအနေနဲ့ မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လုပ်နေစရာမလိုပါဘူး။ ဒါဟာ သတင်းအမှားတွေရဲ့ အစပိုင်းလေးပဲ ရှိသေးတယ်လို့ သူမအနေနဲ့ ပြောလို့မရဘူး။ ပြောရရင် ဒါတွေဟာ လှီးလွှဲပြောဆိုတာတွေပဲ”ဟု ၎င်းက ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ 

F-01