News

POST TYPE

POLITICAL

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ရခိုင်ပြည်နယ် ယနေ့သွားမည်
30-Aug-2018

ရန်ကုန်၊ ဩဂုတ် ၃၀

ရခိုင်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယနေ့ (ဩဂုတ် ၃၁ ရက်) တွင် ရခိုင်ပြည်နယ်သို့ သွားရောက်စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက The Voice သို့ပြောကြားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သံအမတ်ကြီး ရိုဆာရီမယ်နာလိုနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၃၀ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေးတို့နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် တွေ့ဆုံခဲ့သည်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို စတင်နေပြီဖြစ်ပြီး အစိုးရ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးသွားပြီဖြစ်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများသို့ ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကာ ဒေသခံများ၊ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

အဆိုပါကော်မရှင်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပြီး ကော်မရှင်မှ လိုအပ်သည်များကို အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးဆိုတော့ သူတို့မှာ သူတို့ဘာသာ ဆောင်ရွက်မယ့်နည်းလမ်းတွေ ရှိပါတယ်။ အစိုးရအနေနဲ့တော့ ဝင်စွက်ဖက်သွားမှာ မဟုတ်ပါဘူး။ သူတို့အတွက် လိုအပ်တဲ့ ခရီးလမ်းတွေနဲ့ တွေ့ဆုံမယ့်သူတွေနဲ့ ပတ်သက်လို့တော့ ပံ့ပိုးကူညီသွားမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကော်မရှင်နှင့် အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

ရခိုင်အရေးနှင့်ပတ်သက်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းကော်မရှင်တွင် ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဟောင်းဖြစ်သူ ရိုဆာရီ မယ်လာနိုက ဦးဆောင်သွားမည်ဖြစ်ပြီး ကော်မရှင်တွင် ဂျပန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် ကန်ဇိုအိုရှီမား၊ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးမြသိန်းနှင့် UEHRD တွင် ပါဝင်သည့် ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်သည်။

အဆိုပါလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာအစိုးရအနေနှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

J-08