News

POST TYPE

POLITICAL

အစိုးရအတွက် စိတ်ခေါ်မှုစာရင်းထဲ ထည့်လာရတဲ့ တင်ဒါ PROCESS
29-Aug-2018
သြဂုတ်လ ၂၇ ရက်နေ့က နေပြည်တော် MICC-2 မှာ ပြုလုပ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့နေရာမှာ အစိုးရဌာနတွေက လက်ရှိဆောင်ရွက်နေတဲ့ တင်ဒါခေါ်ယူရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ တိုင်တန်းမှုတွေရှိကြောင်း၊ တင်ဒါကိစ္စနဲ့ပတ်သက်လို့ မမှန်မကန်လုပ်တာတွေရှိနေပြီး ဒီကိစ္စဟာ လာဘ်ပေးလာဘ်ယူနဲ့ ဆက်နွှယ်နေကြောင်း၊ ဒီအတွက် ဒီတင်ဒါနဲ့ ပတ်သက်လို့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေကြောင်း၊ စီမံကိန်းတွေ ပြီးသင့်တဲ့အချိန်မှာ မပြီးရတဲ့အကြောင်းအရင်းက ဘာလဲဆိုတာ ပြန်ကြည့်လိုက်ရင် တင်ဒါကိစ္စတွေ နှေးကွေးနေလို့သာဖြစ်ကြောင်း၊ ဒီအတွက် အစိုးရဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများဘက်ကနေပြီး တင်ဒါလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်ပြီးမြောက်ရေး ဦးစားပေးပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်များက ဝိုင်းပြီးကူညီစေချင်ကြောင်း ပြောခဲ့တာ ကြားခဲ့ရပါတယ်။ ဒါကိုကြည့်ရင် ယခုအစိုးရဌာနတွေက ဆောင်ရွက်နေကြတဲ့ တင်ဒါခေါ်ယူရေးလုပ်ငန်းတွေမှာ ကြုံတွေ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အစိုးရအတွက် ဖြေရှင်းရင်ဆိုင်ကျော်လွှားရမယ့် စိန်ခေါ်မှုတစ်ရပ်လို့တောင် သတ်မှတ်ထားခဲ့တာမြင်ကြရမှာပါ။

ဒါ့အပြင် ဩဂုတ်လ ၂၇ ရက်နေ့ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ် ၃၅ ဦးတို့က စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာပါ အစိုးရဌာနဆိုင်ရာတွေရဲ့ တင်ဒါခေါ်ယူရေး၊ ဘတ်ဂျက်သုံးစွဲပြီး စီမံကိန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ချို့.ယွင်း အားနည်းချက်တွေကို ဆူဆူညံညံထောက်ပြခဲ့ကြတာ ကြားခဲ့ရပြန်ပါတယ်။ ဒါကိုကြည့်လိုက်မယ်ဆိုရင်ပဲ လက်ရှိအစိုးရလက်ထက်မှာ တိုးမြှင့်လာတဲ့ပညာရေး၊ ကျန်းမာရေးအသုံးစရိတ်တွေ၊ နိုင်ငံတကာက အကူအညီပေးမှုတွေအကြားမှာ ဆောင်ရွက်လာနေတဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေအပေါ်မှာ အစိုးရဌာနတွေက လိုက်ပါအကောင်အထည်ဖော်တဲ့နေရာမှာ အလွန့်အလွန်အားနည်းမှုတွေ ရှိနေတယ်ဆိုတာ ပေါ်လွင်လာနေခဲ့ပါတယ်။ ဒီအဖြစ်တွေဟာ စာရင်းစစ်ရုံးက ဌာနတွေကို စာရင်းစစ်လိုက်တဲ့အခါတိုင်း၊ ဒါမှမဟုတ် ဘတ်ဂျက်စီမံကိန်းဥပဒေတွေကို လွှတ်တော်မှာ တင်သွင်းဆွေးနွေးကြတဲ့အခါတိုင်း နှစ်စဉ်တိုင်းလိုလို ကြားသိနေရတဲ့ကိစ္စတစ်ရပ် ဖြစ်နေခဲ့ပါတယ်။ အခုအခြေအနေမှာတော့ အတိုင်ပင်ခံကတောင် ပြင်ပက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ ဒါတွေကို ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ပြောယူရတဲ့အထိ ဖြစ်လာနေတာကိုလည်း တွေ့ရပါတယ်။ အမှန်တော့ ဒါဟာ ကြိုးနီစနစ်အောက်မှာ ကျင့်သားရနေတဲ့၊ ခေါက်ရိုးမဖြေနိုင်သေးတဲ့ ဗျူရိုကရက်ယန္တရားရဲ့ ဓလေ့တစ်ခုလိုဖြစ်နေခဲ့တာမို့ အစိုးရဌာနတွေက ပြင်ရခက်နေကြတဲ့ အကျင့်ဆိုးကြီးတစ်ခုဖြစ်နေတာပါ။

ဒါကို ရဲရဲဝံ့ဝံ့ပြောင်းလဲပြီး အဂတိကင်းကင်းနဲ့ဆောင်ရွက်ကြဖို့၊ နိုင်ငံ့ချစ်စိတ်၊ မျိုးချစ်စိတ်မွေးကြဖို့ဆိုတာ အစိုးရဌာနတွေက တာဝန်ရှိဝန်ကြီး၊ ဝန်လေး၊ အတွင်းဝန်တွေအတွက် အတော်ခက်ခဲနေကြသယောင် ဖြစ်နေကြတုန်းဆိုတာကိုလည်း ခြွင်းချက်မရှိ လက်ခံကြရမှာပါပဲ။ ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ စတုတ္ထမဏ္ဍိုင်မီဒီယာတွေက ပြင်ပကနေပြီး အစိုးရလူကြီးမင်းများသိအောင် မည်သို့ပင် အပြုသဘောဆောင် ထောက်ပြနေစေကာမူ မပြောင်းလဲဘဲ ခရီးဆက်နေခဲ့ကြတာ အခုဆိုရင် ဒုတိယအကြိမ် အစိုးရသက်တမ်းရဲ့ တစ်ဝက်တောင် ကျိုးလာပြန်ပါပြီ။

အမှန်ဆို ဒါနဲ့ပတ်သက်လို့ ယခင်ဖေဖော်ဝါရီလအတွင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာလည်း နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေးက “ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့အစည်းများအနေနှင့် တင်ဒါများအား ခေါ်ယူဆောင်ရွက်ရာတွင် လုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းများ၏ သယ်ယူပို့ဆောင်ခစရိတ်များနှင့် နည်းပညာအရ ဝန်ကြီးဌာနမှ လုပ်ဆောင်ရန်မလိုသော လုပ်ငန်းတစ်ခုလုံး အပြီးဆောင်ရွက်ရသည့် လုပ်ငန်းများကို တင်ဒါမခေါ်ဘဲ ကန်ထရိုက်ရ တင်ဒါအောင်မြင်သူတစ်ဦးကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေခြင်း၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့် ကွဲလွဲစွာဆောင်ရွက်နေခြင်းတို့ကို ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံးလိုက်နာဆောင်ရွက်ရန်နှင့် တင်ဒါပေးရာတွင် ဒေသနှင့်ကိုက်ညီသော ပြီးပြည့်စုံသည့်လုပ်ငန်းပုံစံ (Drawing) များနှင့် တွက်ချက်မှု (Estimate) များကို သက်ဆိုင်ရာဝန်ကြီးဌာနမှသာ တာဝန်ယူဆောင်ရွက်ပေးပြီး ဈေးနှုန်း (Rate) များကို တင်ဒါဆွဲမည့်ကုမ္ပဏီများကို ထည့်သွင်းရေးဆွဲစေခြင်းဖြင့် မျှတစွာယှဉ်ပြိုင်မှုကို ဖော်ဆောင်ပေးရန်” အဆိုကို တင်သွင်းခဲ့ဖူးပါသေးတယ်။ အဲ့ဒီတုန်းကလည်း ကျန်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးတို့က ဝိုင်းဝန်းထောက်ခံဆွေးနွေးခဲ့ကြတာ ကြားမိပါသေးတယ်။

အဲ့ဒီအဆို တင်သွင်းတုန်းကဆိုရင် ယခုအစိုးရရဲ့ ပထမအကြိမ် ဘဏ္ဍာရေးနှစ်ပြောင်းလဲမယ့် ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိကာလ ဆောင်ရွက်ကြမယ့် စီမံကိန်းတွေ၊ သုံးစွဲမယ့်ဘတ်ဂျက်တွေအတွက် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းနေပြီး ဒီအပေါ် ပူးပေါင်းကော်မတီတွေက အသေးစိတ်ပြန်လည်စစ်ဆေးနေချိန်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အစိုးရအုပ်ချုပ်ရေးဌာနတွေဘက်က တာဝန်ရှိသူတွေ၊ နိုင်ငံ့အကြီးအကဲတွေအနေနဲ့ ဒီအပေါ် ဂရုပြုနားထောင်တာ၊ အလေးထားလိုက်နာတာတွေ မရှိခဲ့ကြတာမို့ ယခင်ရက်ပိုင်းကဆိုရင်လည်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေတွင် တည်ဆောက်ရေးလုပ်ငန်း ၂၅၈၀ ခု ခွင့်ပြုပေးခဲ့ရာ နှစ်ကုန်ဆုံးချိန် တွင် ၁၀၀ ရာခိုင်နှုန်းပြီးသည့်လုပ်ငန်း ၆၂၂ ခုသာရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

အမှန်တကယ်တော့ နိုင်ငံ့ဘဏ္ဍာတွေနဲ့ ပြည်သူတွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လမ်းတံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ ရုံးတွေကို တည်ဆောက်အကောင်အထည်ဖော်ကြတဲ့အခါ အစိုးရဌာနတွေ လိုက်နာဖို့ ဒီလိုလုပ်ငန်းတွေမှာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ၊ ညွန်ကြားချက်တွေ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ အသေအချာရှိနေ ကြစမြဲပါ။ ဒါပေမဲ့ အခုနောက်ပိုင်းကြားနေကြရတဲ့ အသံတွေအထဲမှာ ဒီကိစ္စဟာ အဆိုးဆုံး ချိုးဖောက်နေမှုတွေအဖြစ် မြင်နေကြရတာနဲ့အညီ နောက်ဆုံးမှာတော့ လွှတ်တော်ထဲအထိ ရောက်ရှိလာပြီး အခုလို ကျယ်ကျယ်လောင်လောင် ဆွေးနွေးထောက်ပြခြင်းခံနေကြရသလို အတိုင်ပင်ခံပုဂ္ဂိုလ်ထိတောင် ပြောလာရတဲ့အထိ ဖြစ်လာနေခဲ့တာပါ။

အစိုးရဌာနတွေအတွက် ပြည်သူ့ဘဏ္ဍာတွေသုံးပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကြတဲ့အခါ တင်ဒါကို စနစ်တကျခေါ်ယူဖို့၊ အရည်အသွေးတွေစစ်ကြဖို့၊ နိုင်ငံ့ဘဏ္ဍာကို ခြိုးခြံချွေတာကြဖို့ နိုင်ငံတော်သမ္မတရုံးနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေ၊ လုပ်ငန်းလမ်းညွှန်ချက်တွေ အခါခါအလီလီထုတ် ပြန်ထားခဲ့သော်လည်း အောက်ခြေမြေပြင်မှာ ဆောင်ရွက်နေကြတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မလိုက်နာမှုတွေ ရှိနေတယ်။ တင်ဒါခေါ်ယူတဲ့ နေရာမှာ စည်းမျဉ်းတွေကိုချိုးဖောက်နေကြတယ်လို့ ပြင်ပက ထောက်ပြခဲ့တာ ကြာနေခဲ့ပါပြီ။

နောက်ပြီး နိုင်ငံ့ဘဏ္ဍာကိုသုံးပြီး ချပေးတဲ့ဘတ်ဂျက်ကို တင်ဒါမခေါ်ယူဘဲ ကိုယ်တိုင်သုံးစွဲပြီး ကိုယ်တိုင်တည်ဆောက်နေကြတဲ့ ဌာနတွေအနေနဲ့လည်း အရည်အသွေးကို သူ့ဌာနကသူ ပြန်စစ်နေတာတွေ၊ အရည်အသွေး စစ်ဆေးတဲ့အခါ တတိယအဖွဲ့အစည်း (Third Party) ကိုခေါ်ယူပြီး မစစ်ဆေးကြတာတွေ၊ တင်ဒါအောင်မြင်သူ ကန်ထရိုက်များအနေနဲ့လည်း လက်ခွဲကန်ထရိုက်မပေးရဟု သတ်မှတ်ချက်ရှိသော်လည်း မြေပြင်မှာတော့ လက်ခွဲတွင်မက အဆင့်ဆင့်ပြန်ပေးပြီး ဆောင်ရွက်နေကြတာတွေ၊ ကုမ္ပဏီတစ်ခုအနေနှင့် အစိုးရဌာနအမြောက်အမြားမှာ တင်ဒါများ ဝင်ဆွဲနေကြပြီး လုပ်ငန်းများရရှိသည့်အခါ မနိုင်မနင်းဖြစ်နေကြတာတွေ၊ တင်ဒါခေါ်ယူရေးနှင့်ပတ်သက်ပြီး ကျပ်ဆယ်သန်းအောက်လုပ်ငန်းများကို လုပ်ငန်းများ မကြန့်ကြာစေရေးနဲ့ အချိန်မီပြီးစီးရေး၊ အကျင့်ပျက်ခြစားမှု မရှိရေး တင်ဒါ မခေါ်ယူရန်၊ ကျပ်ဆယ်သန်းနှင့်အထက်လုပ်ငန်းများကိုသာ တင်ဒါခေါ်ယူရန် ညွှန်ကြားထားသော်လည်း အချို့အစိုးရဌာနတွေအနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးများကိုပင် တင်ဒါမခေါ်ယူကြတော့။ ကျပ်ဆယ်သန်းမကျော်အောင် အလီလီခွဲပြီး အောက်ခြေမှာ လက်သိပ်ထိုး ဆောင်ရွက်နေကြတာတွေ ရှိခဲ့တာမို့ ယခင်ကာလတွေမှာ အစိုးရသိအောင် အပြုသဘော ဝေဖန်ထောက်ပြခဲ့ကြတာတွေလည်း ရှိခဲ့ဖူးပါတယ်။

အမှန်ဆိုရင် တင်ဒါခေါ်ယူကြတယ်ဆိုတာ နိုင်ငံ့ဘဏ္ဍာကို ခြိုးခြံချွေတာပြီး အရည်အသွေးတွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ ယှဉ်ပြိုင်မှုအားကောင်းအောင်၊ နိုင်ငံတော်နဲ့ပြည်သူတွေအတွက် အမှန်စေတနာထားရင် ထားသလောက် အနစ်နာခံတည်ဆောက်ပေးမယ့် ကုမ္ပဏီတွေ ပေါ်ပေါက်လာနိုင်အောင် ဆောင်ရွက်ကြခြင်းသာဖြစ်တဲ့အတွက် အစိုးရ ဌာနတွေက အကြမ်းဖျင်းတွက်ချက်ထားတဲ့ ကြမ်းခင်းဈေးကုန်ကျစရိတ် ထက် နည်းနိုင်သမျှနည်းပြီး လုပ်ပေးနိုင်မယ့်ကုမ္ပဏီမျိုးကို အသေအချာ စိစစ်ရွှေးချယ်ကြရမှာ၊ ဒီလိုတင်ဒါခေါ်ယူမှုတွေမှာ ပွင့်လင်းမြင်သာရမှာ၊ အစိုးရဌာနတွေနဲ့နီးစပ်တဲ့ မိမိတို့ဆွေမျိုးဉာတိကာတွေကိုသာ လက်သိပ်ထိုးပေးတာမျိုးတွေ ရှောင်ကြဉ်ကြရမှာတွေကို လိုက်နာကြရမှာပါ။

တင်ဒါခေါ်ယူရေးလုပ်ငန်းတွေကို ဘတ်ဂျက်စတင်ခွင့်ပြုတဲ့ရက်က စလို့ သုံးလအတွင်း အပြီးခေါ်ယူဆောင်ရွက်ကြရန် ညွှန်ကြားထားသော်လည်း လိုက်နာဆောင်ရွက်မှုအားနည်းကြခြင်း၊ တင်ပြထားတဲ့ဒီဇိုင်းနဲ့ မြေပြင်အခြေအနေမှာ မကိုက်ညီခြင်း၊ ပြန်လည်ပြင်ဆင်တင်ပြရေးဆွဲကြရခြင်းများကြောင့် အချိန်ကြန့်ကြာခြင်း၊ အဆောက်အအုံဆောက်လုပ်ခွင့် ဘတ်ဂျက်သာကျသော်လည်း မြေနေရာမရှိသေးခြင်း၊ အချို့သောဌာနများမှ အဆောက်အအုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနကသာ တာဝန်ယူဆောက်လုပ်နေကြသဖြင့် အရည်အသွေးပိုင်းအားနည်းခြင်းနှင့် သက်ဆိုင်ရာဌာနအနေနှင့် မည်သို့မျှမသိရှိကြခြင်း၊ ကုမ္ပဏီများအနေနှင့် အရည်အသွေးပိုင်း အားနည်းလာခြင်းများကြောင့် အဆိုပါလုပ်ငန်းတွေကို စနစ်တကျလုပ်နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးအနေနဲ့လည်း အမိန့်ကြော်ငြာ စာအမှတ် (၁/၂၀၁၇) ကို နောက်ဆုံး စုံစုံလင်လင်ထုတ်ပြန်ထားခဲ့တဲ့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေလည်း အမြောက်အမြားရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုထုတ်ပြန်တဲ့ညွှန်ကြားချက်တွေကို မလိုက်နာကြလို့လည်း နောက်တစ်ခါ အခါခါသတိပေးထုတ် ပြန်တာတွေကိုလည်း မြင်ကြရပါတယ်။

နောက်ဆုံးအနေနဲ့ အချုပ်အားဖြင့်တင်ပြရရင် လက်ရှိအစိုးရဌာနတွေမှာ ဆောင်ရွက်နေကြတဲ့ တင်ဒါခေါ်ယူရေးလုပ်ငန်းတွေမှာ မမှန်မကန်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ အရည်အသွေးနိမ့်ကျမှုတွေကြောင့် အစိုးရရဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေအပေါ် ရိုက်ခတ်မှုရှိလာတယ်လို့သုံးသပ်နေပြီး ရင်ဆိုင်ဖြေရှင်းကျော်လွှားရမယ့် ကိစ္စတစ်ရပ်၊ စိန်ခေါ်မှုအဖြစ်တောင် ရှုမြင်လာနေကြတာဖြစ်တဲ့အတွက် အထက်မှာတင်ပြခဲ့တဲ့ အစိုးရဌာန တွေက တာဝန်ယူဆောက်လုပ်ကြတဲ့အဆောက်အအုံ၊ လမ်းတံတားတွေ အတွက် ပဏာမတင်ဒါခေါ်ယူရေးလုပ်ငန်းတွေနဲ့ အရည်အသွေးကျဆင်းမှုတွေ၊ အဂတိလိုက်စားမှုတွေအတွက် အကျင့်ပျက်ရင် ပျက်တဲ့သူကို၊ စည်းကမ်းဖောက်ရင် ဖောက်တဲ့သူကို နိုင်ငံတော်အကြီးအကဲတွေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိတိကျကျအထောက်အထား ဓာတ်ပုံများနဲ့ တိုင်ကြားကြမှသာ အချိန်တိုအတွင်း ကင်းစင်ပပျောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အလားတူ ပြည်သူ့ဘဏ္ဍာတွေနဲ့ဆောင်ရွက်ကြတဲ့ လုပ်ငန်းမှန်သမျှမှာ အဂတိတရားတွေကင်းပြီး တင်ဒါခေါ်ယူရေးဆိုင်ရာစည်းမျဉ်းတွေ လိုက်နာကြဖို့၊ ပြည်သူ့ဘဏ္ဍာကို ပြည်သူတွေကသာ ပြည့်ပြည့်ဝ၀ ပြန်လည်ခံစားစံစားကြရဖို့ဆိုတဲ့ ခေတ်ကောင်း စနစ်ကောင်းတစ်ခုကို သွားချင်ကြရင် ကျွန်တော်တို့ ပြည်သူတွေအပိုင်းကလည်း ဒီဘတ်ဂျက်နဲ့ စီမံကိန်းတွေနဲ့ ကိန်းဂဏန်းတွေအကြောင်း ထောင့်စုံ ဘက်စုံက သိအောင်လုပ်ပြီး တင်ဒါခေါ်ယူရေးလုပ်ငန်းတွေအပေါ် ဝိုင်းဝန်းထိန်းညှိထောက်ပြကြရင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ဒီစိန်ခေါ်မှုကိုအားလုံး ပါဝင်ဖြေရှင်းကြစေလိုကြောင်း စိတ်ကောင်းစေတနာနဲ့ ရေးသားလိုက်ရပါတယ်ဗျား။

အောင်ဇေယျ