News

POST TYPE

POLITICAL

နှိပ်စက်ခံရသည့် အိမ်အကူ မအေးကြင်အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်မတင် အမိန့်ချမည်
29-Aug-2018

မန္တလေး၊ ဩဂုတ် ၂၈

အမရပူရမြို့နယ်အတွင်းရှိ စက်ချုပ်ဆိုင်တစ်ခုတွင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည့် အမျိုးသမီးငယ် မအေးကြင်၏အမှုမှ စွပ်စွဲခံရသူ အိမ်ရှင်လင်မယားကို စက်တင်ဘာလ ၁၂ ရက်နေ့တွင် စွဲချက် တင် မတင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း တရားလိုရှေ့နေက ပြောကြားသည်။

ကျွန်တော်လိုက်ပေးနေတဲ့ အမှုတွေအတွက် (ဒီနေ့) ဩဂုတ်လ ၂၈ ရက် နေ့မှာ စွဲချက်အမိန့်ချဖို့ ချိန်းထားတာပါ။ တရားသူကြီးအနေနဲ့ အသင့်မဖြစ်သေးဘူးဆိုပြီး ရက်ချိန်းလိုက်တယ်လို့ပဲ သိရတယ်”ဟု တရားလိုရှေ့နေဖြစ်သည့် တရား လွှတ်တော်ရှေ့နေ ဦးမျိုးမင်းဇော်က ပြောဆိုသည်။

အမရပူရမြို့နယ် တောင်သမန် ကျေးရွာအုပ်စု ထန်းတောကျေးရွာ ဟိန်းအာကာအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသည့် ပအိုဝ်းတိုင်းရင်းသူ မအေးကြင်ကို ပိုင်ရှင်ဖြစ်သူဦးနိုင်အောင်နှင့် ဒေါ်ဆောင်းနှစ်သစ်ဦးတို့က ရိုက်နှက်နှိပ်စက်မှုများပြုလုပ်ခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မတ်လအတွင်းကပင် တရားစွဲဆိုထားခဲ့သောအမှုဖြစ်သည်။

၎င်းတို့နှစ်ဦးကို ထန်းတောကျေးရွာ ဆယ်အိမ်မှူးဖြစ်သည့် ဦးလှတိုးနိုင်က တရားလိုပြုလုပ်ကာ ရာဇသတ်ကြီး ဥပဒေ ၂၉၄ (ညစ်ညမ်းစွာဆဲဆို ကြိမ်းမောင်းမှု)၊ ၃၂၃ (တုံးသော လက်နက်ဖြင့် သာမန်နာကျင်စေမှု)၊ ၃၂၄ (ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)၊ ၃၅၄ (ကာယိနြေ္ဒ ပျက်ပြားစေမှု) နှင့် ၅၀၆ (ကြိမ်းဝါးပြောဆိုမှု) တို့ဖြင့် အမရပူရ မြို့နယ်တရားရုံးတွင် အမှုဖွင့်ထားခြင်းလည်းဖြစ်သည်။ 

အိမ်ရှင်လင်မယားအနေနှင့် ဝါယာကြိုး၊ ဖိနပ်များဖြင့်ရိုက်နှက်ခြင်း၊ ရေကန်အတွင်း နှစ်ခြင်း၊ ခေါင်းကို နံရံဖြင့်တိုက်ခြင်း၊ ဒူးများ၊ လက်များကို အပ်ဖြင့်ထိုးခြင်းတို့အပြင် အပေါ်ပိုင်းအဝတ်အစားများ ချွတ်စေကာ အိမ်ရှင်အမျိုးသားအား ပြသစေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း နှိပ်စက်ခံရသည့် အမျိုးသမီးငယ်က ပြောဆိုထားသည်။

အဆိုပါ ရာဇသတ်ကြီး ဥပဒေပုဒ်မများအပြင် လူမှုဝန်ထမ်းဦးစီးဌာနကလည်း တရားလိုပြုလုပ်ကာ ဦးနိုင်အောင်နှင့် ဒေါ်ဆောင်းနှစ်သစ်ဦးတို့ကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆၆ အရအမှုဖွင့်တရားစွဲဆိုထားသေးရာ ယင်းအမှုကိုလည်း ယခုလဆန်းပိုင်းက စွဲထားသည့်ပုဒ်မအတိုင်း စွဲချက်တင်ထားပြီး ဩဂုတ်လ ၂၇ ရက်နေ့က စွပ်စွဲခံရသူ ဦးနိုင်အောင်ကို စစ်ဆေးခဲ့ပြီး စက်တင် ဘာ ၁၂ ရက်နေ့တွင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆောင်းနှစ်သစ်ဦးကို စစ်ဆေးမည်ဖြစ်ကြောင်း တရားရုံးထံမှသိရသည်။ 

M-04