News

POST TYPE

POLITICAL

မလိုအပ်သည့် သွင်းကုန်များလျှော့ရန် အစိုးရစီစဉ်
28-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၈

အမေရိကန် ဒေါ်လာလဲနှုန်းများ မြင့်တက်နေခြင်းကြောင့် ပြည်ပမှတင်သွင်းရသည့် မလိုအပ်သည့်သွင်းကုန်များ လျှော့ချရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ မလိုအပ်သည့်သွင်းကုန်များ လျှော့ချနိုင်ရန် စီးပွား/ကူးသန်းဝန်ကြီးဌာနသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့နှင့် ဆွေးနွေးလုပ်ဆောင်နေကြောင်း ၎င်းက ပြောဆိုသည်။

“မလိုအပ်တဲ့ သွင်းကုန်လို့ဆိုတဲ့နေရာမှာ ဘာပစ္စည်းတွေကို လျှော့မလဲပေါ့။ ရင်းနှီးမြှုပ်နှံမှု ကုန်ကြမ်းပစ္စည်းတို့၊ ဆေးဝါးတို့၊ စက်သုံးဆီတို့ကတော့ ဒီမှာ အဓိကသုံးနေလို့ လျှော့ဖို့မဖြစ်နိုင်ပါဘူး”ဟု အဆိုပါအရာရှိကဆိုသည်။

လတ်တလော သွင်းကုန်လျှော့ချရန် လုပ်ဆောင်နေသကဲ့သို့ ပို့ကုန်တိုးတက်ရန်အတွက်လည်း လုပ်ဆောင်နေပြီး မည်သည့်ကုန်ပစ္စည်းက ပြည်ပသို့ တင်ပို့နိုင်မည်နည်း ဆိုသည်ကိုလည်း လုပ်ဆောင်နေကြောင်း စီးပွား။ကူးသန်းဝန်ကြီးဌာနထံမှ သိရသည်။

မလိုအပ်သည့်သွင်းကုန်များဟုဆို ရာတွင် ဇိမ်ခံပစ္စည်းများကို အဓိကလျှော့ချရန်လိုအပ်ပြီး မော်တော်ယာဉ်နှင့် အလှကုန်သုံးပစ္စည်းများကဲ့သို့သော အဓိကလိုအပ်ခြင်းမရှိသည့် ကုန်ပစ္စည်းများတင်သွင်းခြင်းကို လျှော့ချသင့်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြကြသည်။

“ကျပ်ငွေတန်ဖိုးမြှင့်ဖို့ဆိုရင် ရေတိုအနေနဲ့တော့ မလိုအပ်တဲ့ သွင်းကုန်လျှော့တာကောင်းတယ်။ ရေရှည်အနေနဲ့ဆိုရင်တော့ နိုင်ငံခြားငွေရအောင် ပို့ကုန်ကို မြှင့်မှရမယ်”ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ထောက်ပြပြောဆိုသည်။

ယခုနှစ်ဧပြီလမှ ဩဂုတ်လ ဒုတိယပတ်အတွင်းထိ အဓိက ပို့ကုန်ပစ္စည်းများဖြစ်သည့် ပဲနှင့်ဆန်တင်ပို့မှုတို့မှာ ယခင်ဘဏ္ဍာနှစ် ကာလတူအောက် လျော့ကျသွားသော်လည်း ပို့ကုန်တန်ဖိုးနှိုင်းယှဉ်ပါက ယခုနှစ်၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ပိုမိုများပြားပြီး သွင်းကုန်တန်ဖိုးမှာလည်း ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့် ပိုမိုများပြားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အမေရိကန် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ်လ ပထမပတ်အတွင်းမှစတင်၍ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်အောက်သို့ ရက်ပိုင်းသာ ပြန်လည်ရောက်ရှိခဲ့ဖူးကာ ယခုအခါ တစ်ဒေါ်လာလျှင် ၁၅၅၀ ကျပ်ကျော်သို့ ရောက်ရှိနေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04