News

POST TYPE

POLITICAL

အမှိုက်လျှော့ချရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ဆရာဖြစ်သင်တန်း ပထမဆုံးဖွင့်မည်
28-Aug-2018
ရန်ကုန်၊ ဩဂုတ် ၂၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် Clean Yangon တို့မှပူးပေါင်း၍ ပထမဆုံးအကြိမ် အမှိုက်လျှော့ချရေးနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး သင်ကြားခြင်း ဆရာဖြစ်သင်တန်းကို စက်တင်ဘာလ ၁ ရက်တွင် အောင်ဖောင်ဒေးရှင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Clean Yangon ထံမှ သိရသည်။

အဆိုပါ ဆရာဖြစ်သင်တန်းကို စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ စခန်းသွင်း သင်ကြားပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့တစ်မြို့လျှင် အများဆုံးငါးဦးထိ တက်ရောက်နိုင်ကြောင်း၊ လက်ရှိတွင် မြို့အသီးသီးမှ သင်တန်းသား ၅၀ ကျော် လာရောက်လျှောက်ထားကြောင်း Clean Yangon မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

“အမှိုက်ပြဿနာ အဓိကဖြစ်ရတဲ့အကြောင်းကို ပြေလည်ဖို့ စနစ်တကျ သင်ကြားပေးသွားမယ်။ စွန့်ပစ်အမှိုက်တွေကို လျှော့ချဖို့ရည်ရွယ်ချက်နဲ့ ဖွင့်တာပါ။ သင်တန်းပြီးရင် ကလေးတွေကို ကျောင်းတွေကို ဆက်လက်ပို့ချဖို့ လုပ်သွားမယ်။ နေစရိတ်၊ စားစရိတ်များကို အောင်ဖောင်ဒေးရှင်းမှ တာဝန်ယူကျခံပေးပါတယ်။ အမှိုက်စွန့်ပစ်မှုက မြန်မာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့အတွက် နောက်ပိုင်းမှာ တိုးချဲ့ဖွင့်လှစ်သွားမယ်”ဟု ၎င်းကဆိုသည်။

သင်တန်းပထမ ၃ ရက်တွင် စာတွေ့ သင်ကြားရမည်ဖြစ်ပြီး နောက်ပိုင်း ၂ ရက်တွင် သင်တန်းသူ၊ သင်တန်းသားများ ကိုယ်တိုင် လက်တွေ့ဟောပြောကြရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ လက်တွေ့လုပ်ငန်းခွင်များကို လေ့လာရမည့် အစီအစဉ်များ ပါဝင်ကြောင်း Clean Yangon ထံမှ သိရသည်။

အမှိုက်အကြောင်း သင်ကြားရေး ဆရာဖြစ်သင်တန်းကို နံနက် ၇ ကနေ ညနေ ၅ အထိဖြစ်ပြီး ညစာ စားပြီးချိန် နောက်ပိုင်းမှာ တစ်နေ့တာသင်ကြားထားသည်များကို အုပ်စုဖွဲ့ပြန်လည်ဆွေးနွေးခြင်းလုပ်ငန်းများ၊ လက်တွေ့ပြောဆိုနိုင်ရန် ကြိုတင်ဇာတ်တိုက်ခြင်း၊ သီချင်းသရုပ်ဖော်ရန် လေ့ကျင့်ခြင်း၊ စကားပြောကျင့်ခြင်းလုပ်ငန်းများကို လုပ်ဆောင်ရမှာဖြစ်ကြောင်းနှင့် ညစဉ် နိုင်ငံကျော်စာရေးဆရာ၊ ဆရာမများက လာရောက်ဟောပြောပို့ချခြင်းများကိုလည်း နားထောင်ကြရမည် ဖြစ်သည်။

Clean Yangon အနေနှင့် Clean Yangon Campaign ကို ၂၀၁၇ ခုနှစ်၊ မေလ ၁၀ ရက်မှစတင်ခဲ့ကာ မြန်မာနိုင်ငံတွင် အဓိကဖြစ်ပွားနေသော စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်လာစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့နည်းစေရန်၊ မိမိနေထိုင်ရာ မြို့တော်များ သန့်ရှင်း သာယာလှပလာစေရန် ရည်ရွယ်၍ ရန်ကုန်မြို့ရှိ ပရဟိတအသင်းများ၊ ပရဟိတကို စိတ်ဝင်စားသူများ၊ အနုပညာရှင်များကိုစုစည်းပြီး အသိပညာပေးလုပ်ငန်းများ အဓိက လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းကို ၂၀၁၀ ပြည့်နှစ်က စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ခဲ့ပြီး လူမှုဝန်းကျင်နှင့် ပရဟိတ သင်တန်းများကို သင်ကြားပေးလျက်ရှိသည်။

J-10