News

POST TYPE

POLITICAL

ဂျာမနီတွင် လက်ယာစွန်းဆန္ဒပြသူများနှင့် လက်ဝဲဆန္ဒပြသူများ ပဋိပက္ခဖြစ်
28-Aug-2018


ဘာလင်၊ သြဂုတ် ၂၈

လူသေစေသည်အထိ ဖြစ်ပွားခဲ့သော ဓားထိုးမှုကျူးလွန်ခဲ့ခြင်းကြောင့် အီရတ်နိုင်ငံသား တစ်ဦးနှင့် ဆီးရီးယား နိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရပြီး ရုန်းရင်းဆန်ခတ်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဂျာမနီ နိုင်ငံ အရှေ့ဘက်ရှိ ချမ်းနစ်ဇ်မြို့တွင် လက်ယာစွန်းဆန္ဒပြသူများနှင့် လက်ဝဲဆန္ဒပြသူများ ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု Reuters သတင်းဌာနတွင် ဖော်ပြသည်။

နှစ်ဖက်စလုံးက မီးရှူးမီးပန်းများဖြင့် ပစ်ခတ်ခဲ့ကြပြီး ရဲများက မီးသတ်ပိုက်များဖြင့်ထိုးကာ လူစုခွဲခဲ့ရသည်ဟု ရဲဌာနမှ ထုတ်ပြန်ခဲ့သည်။

ဆန္ဒပြသူ ထောင်နှင့်ချီ၍ လမ်းပေါ်ထွက်လာချိန်တွင် တည်တည်ငြိမ်ငြိမ် ဖြေရှင်းကြရန် ပြည်နယ်နှင့် မြို့နယ် အာဏာပိုင်များက မေတ္တာရပ်ခံခဲ့ပြီး အဓိပတိ အင်ဂလာမာကဲလ်၏ ပြောခွင့်ရအမျိုးသမီးက ဂျာမနီသည် “ကိုယ့်တရားကိုယ်စီရင်မှုမျိုး”ကို သည်းညည်းခံမည်မဟုတ်ဟု သတိပေးခဲ့သည်။

အသက် ၃၅ နှစ်အရွယ် ဂျာမနီနိုင်ငံသားတစ်ဦး ဓားထိုးခံရမှုအကြောင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စီစဉ်ထားခြင်းမရှိဘဲ ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲအတွင်း နိုင်ငံခြားသားများအပေါ် ရန်လိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့အပြီးတွင် ယင်းဖြစ်စဉ်ကို တန်ပြန်ဆန္ဒပြရန် တနင်္လာနေ့ ညနေပိုင်းတွင် ချမ်းနစ်ဇ်ရှိ ကားလ်မာ့ခ်ရုပ်တုအနီးတွင် လက်ဝဲဆန္ဒပြသူ တစ်ထောင်ကျော် စုရုံးခဲ့ကြသည်။

ယင်းနေရာအနီးတွင် အင်အားမကွာသည့် လူအုပ်ကြီးက တန်ပြန်စုရုံးပြီး ဂျာမနီနှင့် ဘာဗေးရီးယားပြည်နယ်အလံများ ဝှေ့ယမ်းကာ “ငါတို့သာ ပြည်သူ”ဆိုသော လက်ယာစွန်းဝါဒီများ၏ ကြွေးကြော်သံများကို ဟစ်ကြွေးခဲ့ကြသည်။ အချို့သော ဆန္ဒပြသူများက ရဲတပ်ဖွဲ့​စည်းခြားပေးထားသော အတားအဆီးများကို ချိုးဖျက်ပြီး တစ်ဖက်သို့ ၀င်ရောက်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ဆန္ဒပြမှုများ ရပ်တန့်သွားခဲ့ပြီး ပါဝင်ဆန္ဒပြသူများကို ဘူတာရုံသို့ လိုက်လံပို့ဆောင်ပေးလျက်ရှိသည်ဟု ချမ်းနစ်ဇ်မြို့အနီးရှိ ဆက်ဆိုနီမြို့ ရဲဌာနမှ ဂရင်းနစ်စံတော်ချိန် ၁၉း၃၀ တွင် တွစ်တာပေါ်သို့ တင်ခဲ့သည်။

ဓားထိုးမှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုများ ကျူးလွန်ရန် အသင့်ဖြစ်နေသူ ၅၀ ခန့် အပါအဝင် ဆန္ဒပြသူ ၈၀၀ ခန့် လမ်းမပေါ်တွင်ထွက်၍ ဆန္ဒထုတ်ဖော်နေစဉ် အချိန်တွင် အခြေအနေများ အထူးတင်းမာနေခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

F-06