News

POST TYPE

POLITICAL

ဒေါက်တာအေးမောင် အမှုသုံးခုကို လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်
28-Aug-2018


စစ်တွေ၊ ဩဂုတ် ၂၇ 

နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အမှုသုံးခုဖြင့် တရားစွဲခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို လာမည့်စက်တင်ဘာလ ၁၀ ရက် ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့်ကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေများထံမှ သိရသည်။ 

ဩဂုတ်လ ၂၇ ရက် ရုံးချိန်းတွင် စွဲချက် တင်သင့်၊ မတင်သင့်ကို နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြကြောင်း၊ စွပ်စွဲခံရသူနှစ်ဦး၏ ဟောပြောမှုတွင် စွဲဆိုထားသော ပုဒ်မတို့နှင့် ကိုက်ညီခြင်းမရှိကြောင်း၊ တရားလိုမှာ စာပေဟောပြောပွဲတွင် မရှိဘဲ အထက်ညွှန်ကြားချက်အရ တရားစွဲဆိုရခြင်းဖြစ်ကြောင်း တရားစွဲခံထားရသူများ၏ အကျိုးဆောင်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်း ယင်းရှေ့နေများထံမှ သိရသည်။

“ကျွန်တော်တို့နှစ်ယောက်ရဲ့ လျှောက်လဲချက်တွေကောင်းတယ်၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ဖြစ်ရင် ကျွန်တော်တို့ လာမယ့်ရုံးချိန်းမှာ စွဲချက်မတင်ဘဲနဲ့ လွှတ်ပေးရမယ့် အနေအထားဖြစ်တယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

၎င်းတို့အား အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစွဲဆိုထားခြင်းဖြစ်သည့်အတွက် တရားရေးမဏ္ဍိုင်ကို ဝင်ရောက်ဖိအားပေးခြင်းအား အကြောက်တရားကင်းပြီး တရားမျှတစွာ ဆုံးဖြတ်ပေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။ 

ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့၌ ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်းနေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောခဲ့မှုနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ) နှင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုထားသည်။ 

ယင်းသို့ နှစ်ဖက်ရှေ့နေများ လျှောက်လဲချက်မပေးခင် တရားလိုဘက်က တင်သွင်းသော သက်သေအသံဖိုင်နှင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားခြင်းတို့ ကိုက်ညီမှု ရှိမရှိကို ဟောပြောပွဲ အသံဖိုင်ဖွင့်ကာ မြန်မာဘာသာပြန်ပြီး တိုက်ဆိုင်စစ်ဆေးခဲ့သည်။ 

R-22


  • VIA