News

POST TYPE

POLITICAL

အခွန်လျှော့ပေးပါက နိုင်ငံအတွက် အရှုံးပေါ်လျှင် ပေးလျော်မည်ဟု ဆောက်လုပ်ရေးအသင်းဥက္ကဋ္ဌဆို
28-Aug-2018
နေပြည်တော်၊ ဩဂုတ် ၂၇

ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝယ်ယူသူများကို အခွန်လျှော့ပေးပါက အရှုံးပေါ်လျှင် အသင်းမှ သို့မဟုတ် အသင်းမှမပေးပါက မိမိတွင်ရှိသည့် စည်းစိမ်မှ နိုင်ငံတော်ထံ ပေးလျော်မည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောကြားလိုက်သည်။

“စီးပွားရေးပညာရှင်တို့က အခွန်လျှော့တာကို လက်မခံဘူးဆိုရင် အသင်းကိုယ်စား အာမခံပါတယ်။ ၂၀၁၆ ခုနှစ်မှာ အခြေပစ္စည်းက ရတဲ့အခွန်အခလိုင်းတား လိုက်ပါ၊ ဒုတိယ ၂၀၁၇ မှာ အခြေပစ္စည်းကရတဲ့ တိုက်ခန်းတွေကရတဲ့ငွေ အခွန်အခရတဲ့ငွေ လိုင်းတားလိုက်ပါ။ ၂၀၁၈ မှာ ရတဲ့ အခွန်အခငွေ လိုင်းတားလိုက်ပါ။ အခွန်နှုန်းတွေ Buyer (ဝယ်ယူသူ) အတွက်လျှော့ပြီးမှ ၂၀၁၉ မှာ အကယ်၍ ၂၀၁၈ ထက်ကို ကျသွားမယ်ဆိုလို့ရှိရင် လိုအပ်တဲ့ ဘဏ္ဍာငွေအတွက် ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းအနေနဲ့ တာဝန်ယူပြီးတော့ ကျွန်တော်တို့ အားလုံးစုပေါင်းပြီးတော့ လျော်ပါမယ်။ ဘယ်သူမှ မလျော်ဘူးဆိုရင် နိုင်ငံအတွက်၊ အသင်းအတွက် ကျွန်တော့်ရှိတဲ့ စည်းစိမ်တွေကို စိုက်ပြီး နိုင်ငံတော်ကို ပေးသွင်းလိုက်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ MICC 1 တွင် ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၎င်းက အတိုင်ပင်ခံပုဂ္ဂိုလ်ကို အထက်ပါအတိုင်း ကတိပြုပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံ၏ ပြောစကားအရ စီးပွားရေးပညာရှင်များ၏ သုံးသပ်ချက်ဖြစ်သည့် အခွန်လျှော့ပေါ့ရန်မဖြစ်နိုင်ဆိုသည့် စကားကို ဦးရှိန်ဝင်းက ပြန်လည်တုံ့ပြန်ခဲ့ခြင်းလည်းဖြစ်သည်။ 

ယင်းကိစ္စနှင့် ပတ်သက်၍ ကတိကဝတ်အနေနှင့် မှတ်ထားမည်ဖြစ်ပြီး လျှော့ပေါ့စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်။

အခွန်လျှော့ခြင်းအားဖြင့် လျော့သွားသည့် အရှုံးအနုတ်လက္ခဏာနှင့် တစ်ဖက်တွင် လျှော့ပေးလိုက်ခြင်းအားဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်လာသည့် အပေါင်းလက္ခဏာကို ချိန်ဆနေရကြောင်း၊ အခွန်ကောက်ခံခြင်းသည် အစိုးရနှင့် ဝန်ကြီးများအတွက် မဟုတ်ဘဲ ပြည်သူအတွက်သာဖြစ်ပြီး အခွန်ကြောင့် ပြည်သူနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ဒဏ်ပေးချင်သည့်သဘော မဟုတ်ကြောင်း၊ အစိုးရအနေနှင့် အခွန်ကို လိုချင်လွန်း၍ ကောက်ခံနေခြင်းမဟုတ်ဘဲ လိုအပ်၍သာ အခွန်ကောက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အစိုးရအနေနှင့် နိုင်ငံပိုင်သယံဇာတ ပစ္စည်းရောင်းချ၍ ငွေရှာသည့်ကိစ္စကို မလုပ်ချင်သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရေရှည်ခိုင်မာရန် အခွန်အကောက်ကို လုံလုံလောက်လောက်ရှိရန် လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

S-01


  • VIA