News

POST TYPE

POLITICAL

တပ်ချုပ် အပါအဝင် တပ်ခေါင်းဆောင်များကို တရားစွဲဆိုရန် ကုလ အကြံပြု
27-Aug-2018
ဂျနီဗာ- ရန်ကုန်၊ ဩဂုတ် ၂၇

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော လူမျိုးဖြုတ်ရှင်းလင်းမှုများ သာမက ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ် ကျူးလွန်မှု အစရှိသည်တို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ့တပ်မတော်မှ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများကို မဖြစ်မနေ စုံစမ်းစစ်ဆေးကာ တရားစွဲဆို အရေးယူရမည်ဖြစ်သည်ဟု ကုလသမဂ္ဂက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။ 

ယင်းအစီရင်ခံစာကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC) က ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂနိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ကာ ယင်းသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး ဘင်္ဂါလီအရေးကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ အပြင်းထန်ဆုံးသော ပြစ်တင်ရှုတ်ချမှုတစ်ရပ်ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာ့တပ်မတော် သာမက အခြားလုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံများသည် နိုင်ငံတကာ ဥပဒေများအရ အဆိုးရွားဆုံးသော ရာဇဝတ်မှုများ ဖြစ်သည်ဟူသော အချက်ကို သံသယဖြစ်ရန် မလိုအပ်ကြောင်း ယင်းအဖွဲ့၏ အစီရင်ခံစာက ဆိုသည်။
 
“စစ်ရေးလိုအပ်ချက် (ဆောင်ရွက်ချက်) ဟူသည် လက်လွတ်စပယ် သတ်ဖြတ်မှု၊ အမျိုးသမီးများကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ ကလေးသူငယ်များကို တိုက်ခိုက်မှု၊ ကျေးရွာများကို မီးရှို့မှု စသည်တို့ကို ညီညွတ်မျှတအောင် မည်သည့်အခါကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ တပ်မတော်၏ စစ်ရေးဗျူဟာများသည် တစ်သမတ်တည်းဖြစ်ကာ ပကတိလုံခြုံရေးခြိမ်းခြောက်မှုများထက် အင်အားအဆမတန် (အလွန်အကျွံ) သုံးခြင်းဖြစ်သည်”ဟု အစီရင်ခံစာက ဖော်ပြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၎င်းရယူထားသည့် လုပ်ပိုင်ခွင့်အာဏာ (နိုင်ငံရေးဩဇာ) ကို အသုံးချပြီး ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများကို ရပ်တန့်အောင် ကြားဝင်လုပ်ဆောင်နိုင်ခြင်း မရှိသလို အရပ်သားအာဏာပိုင် အဖွဲ့အစည်းများကလည်း တပ်မတော်၏ လုပ်ဆောင်ချက်များအပေါ် ထိန်းချုပ်ရန် လုပ်ပိုင်ခွင့်အာဏာ မဆိုစလောက်သာရှိသည်ဟု ထောက်ပြထားသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ငါးဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တရားစီရင်သင့်သည်ဟု ယုံကြည်ကြောင်း အမည်စာရင်းနှင့်တကွ ဆက်လက်ဖော်ပြသည်။

ထို့ပြင် အဆိုပါအခြေအနေသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC (သို့မဟုတ်) နိုင်ငံတကာ ရာဇဝတ်မှုများအတွက် ဖွဲ့စည်းထားသည့် ခုံရုံးတွင် စစ်ဆေးရမည့်အမှုကိစ္စမျိုး ဖြစ်သည်ဟုလည်း ထောက်ပြထားသည်။ 

မြန်မာအစိုးရကမူ တပ်မတော်၏ အဆိုပါ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင်း နယ်မြေရှင်းလင်းမှုများသည် စစ်သွေးကြွများ သို့မဟုတ် လက်နက်ကိုင်သူပုန်များ၏ အန္တရာယ်ကို အဓိက ပစ်မှတ်ထားခြင်းသာဖြစ်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းကို အဆက်မပြတ် ရှင်းပြခဲ့သည်။

ယခုမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာကို တွေ့ဆုံမေးမြန်းမှု(အင်တာဗျူး)ပေါင်း ၁၀၀ ကျော်နှင့် အခြားခိုင်လုံသောသက်သေ အထောက်အထားများကို အခြေခံကာ ရေးသားခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ကဆိုသည်။ 

အစီရင်ခံစာတွင် အကြံပြုတိုက်တွန်းထားသည့်အတိုင်း မြန်မာနိုင်ငံ၏ အဆိုပါ အရေးကိစ္စကို ICC သို့ပို့ကာ တရားစီရင်ရေးမှာ ခက်ခဲမည်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံသည် ICC ခုံရုံးကို ဖွဲ့စည်းထားသည့် Rome Statute တွင် သဘောတူ လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်သောကြောင့် ဖြစ်သည်။ သို့အတွက်ကြောင့် ICC တွင် အမှုဖွင့်လိုသည်ဆိုပါက လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ငါးနိုင်ငံ၏ ထောက်ခံမှုရယူရန် လိုအပ်မည်ဖြစ်သော်လည်း အဖွဲ့ဝင်နှစ်ဦးဖြစ်သည့် ရုရှားနှင့် တရုတ်တို့က လက်ခံသဘောတူညီနိုင်ဖွယ် မရှိပေ။

F-01