News

POST TYPE

POLITICAL

မြန်မာ့စီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းဟု UMFCCI က စစ်တမ်းကောက်ထုတ်ပြန်
27-Aug-2018


ရန်ကုန်၊ ဩဂုတ် ၂၆

မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ၂၅၀၀ ကျော်ကိုမေးမြန်းထားသည့် Business Sentiment Survey အရ စီးပွားရေးလုပ်ငန်းများအားလုံး ကျဆင်းလျက်ရှိကြောင်း ယင်းစစ်တမ်းကို ဦးဆောင်ကောက်ယူသည့် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ထုတ်ပြန်သည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာလဲနှုန်း မြင့်မားခြင်းနှင့် ပြည်ပမှ တရားမဝင်ဝင်ရောက်သည့် ကုန်စည်များကို မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့်လည်း စီးပွားရေးလုပ်ငန်းများကျဆင်းရခြင်းဖြစ်ကြောင်း Business Sentiment Survey ၌ ဖော်ပြထားသည်။

“ကဏ္ဍအားလုံးမှာ အားလုံးဟာ ကျနေပါတယ်။ ကုန်ထုတ်ကဏ္ဍဖြစ်ဖြစ်၊ အကျိုးဆောင်ဖြစ်ဖြစ်၊ သွင်းကုန်ဖြစ်ဖြစ်၊ ပို့ကုန်ဖြစ်ဖြစ် ကောင်းမကောင်းကို ပြောမယ်။ အားလုံးမကောင်းတဲ့နေရာ ရောက်နေပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်က ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက်နေ့က သုံးလတစ်ကြိမ် ပြန်လည်ပြုလုပ်သည့် ဒုတိယအကြိမ် B4B Insights Forum တွင် လုပ်ငန်းရှင်ပေါင်း ၂၅၀၀ ကျော်ကို မေးမြန်းထားသည့်စစ်တမ်း၌ ဖော်ပြထားခြင်းဖြစ်ပြီး ယင်းစစ်တမ်းကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် MMRD Co., Ltd. တို့ ပူးပေါင်းကောက်ယူထားခြင်းဖြစ်သည်။ 

မေးခွန်းဖြေဆိုသည့် လုပ်ငန်းရှင် ၂၅၀၀ ကျော်အနက် စီးပွားရေးအခြေအနေ အလွန်ဆိုးရွားနေသည်ဟု ဖြေဆိုသည်မှာ ၄ ရာခိုင်နှုန်း၊ စီးပွားရေးအခြေအနေ မကောင်းဟု ဖြေဆိုသည်မှာ ၂၀ ရာခိုင်နှုန်း၊ စီးပွားရေးအခြေအနေ ကောင်းမွန်ကြောင်း ဖြေဆိုသည်မှာ ၁၅ ရာခိုင်နှုန်း၊ အခြေအနေ အလွန်ကောင်းမွန်သည်ဟုဖြေဆိုသည်မှာ ၁ ရာခိုင်နှုန်းရှိကြောင်း စစ်တမ်းရလဒ်အရ သိရသည်။ 

စစ်တမ်းတွင် မေးခွန်းပေါင်း ၁၇ ခု မေးမြန်းထားပြီး လုပ်ငန်းရှင် ၂၅၀၀ ကျော်၏ ဖြေဆိုချက်များကို အခြေခံတွက်ချက်ထားခြင်းဖြစ်ကာ ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ပို့ကုန်သွင်းကုန်ကဏ္ဍ စသည့်စီးပွားရေးလုပ်ငန်းကဏ္ဍတို့မှ လုပ်ငန်းရှင်များက ဖြေဆိုထားခြင်းဖြစ်သည်။ 

၂၀၁၈ ခုနှစ် မေလက ပထမအကြိမ် B4B Insights Forum ကိုပြုလုပ်ခဲ့ပြီး ယင်းဖိုရမ်တွင် ၂၀၁၆ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းများ အားလုံးကျဆင်းလျက်ရှိသည်ဟု ကုန်သည်စက်မှုအသင်းချုပ်အသင်းသားများ၏ လုပ်ငန်းပေါင်း ၁၄၆၄ ခုကို ကောက်ယူထားသည့် အချက်အလက်များကို အခြေပြု၍ Business Sentiment စစ်တမ်းတွင် ထုတ်ပြန်ခဲ့သည်။

“ကျပ်ငွေတန်ဖိုးကျတာတွေ၊ လက်ရှိ စီးပွားရေးက မလုပ်ရဲ၊ မကိုင်ရဲဖြစ်တာတွေ ရှိတယ်။ ပြည်ပကလာတဲ့ ကုန်ထုတ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ပြည်ပကသွင်းလာတဲ့ တရားမဝင်ပစ္စည်းတွေကြောင့် သူတို့ဆက်ပြီးထုတ်ဖို့ အခက်အခဲရှိတယ်လို့ ပြောတာတွေရှိတယ်” ဟု ကုန်သည် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

ဒုတိယအကြိမ် B4B Insights Forum မှ အကြံပြုချက်များကို ပြန်လည်ပြုစု၍ ပြည်ထောင်စုအစိုးရအဖွဲ့၊ ဝန်ကြီးဌာနများ၊ လွှတ်တော်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများထံ အစီရင်ခံတင်ပြသွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍ၊ မော်တော်ယာဉ်လုပ်ငန်းကဏ္ဍ၊ စားသောက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။ 

ဒေါ်လာငွေလဲနှုန်းများ မြင့်တက်နေခြင်းမှာ ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်ပြီး ဆောက်လုပ်ရေးနှင့် အိမ်၊ ခြံ၊ မြေလုပ်ငန်းကြီးများက လုပ်ငန်းမကောင်းဟု ပြောကြသည့်အခါ စီးပွားရေးလုပ်ငန်းများ အမှန်တကယ်မကောင်းကြောင်း ထင်မှတ်နေကြခြင်းဖြစ်ပြီး လူငယ်များ ဦးစီးသည့်လုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်လုပ်ငန်းများ အခြေအနေကောင်းမွန်နေသည်ဟု မြန်မာ့စီးပွားရေးအကြံပေးပညာရှင် ရှောင်တာနဲလ်က ပြောကြားထားသည်။

J-11