News

POST TYPE

POLITICAL

အဓမ္မပြုကျင့်ခံရသော်လည်း အမှုဖွင့်မရဟု ကာယကံရှင်များပြော
26-Aug-2018


မိတ္ထီလာ၊ ဩဂုတ် ၂၆

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် စလင်းတောင်ရွာနေ အသက် ၁၈ နှစ်ရှိ အမျိုးသမီးတစ်ဦးကို လက်ပံပျားဆေးရုံ အစောင့်ဝန်ထမ်းက အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ တိုင်ကြားသော်လည်း သက်ဆိုင်ရာ ရဲစခန်းက အမှုဖွင့် အရေးယူခြင်းမရှိကြောင်း ကာယကံရှင်မိန်းကလေးနှင့် မိသားစုက ဩဂုတ်လ ၂၆ ရက်တွင် မလှိုင်မြို့နယ် ဆည်ဆိုကျေးရွာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ဇွန်လ ၆ ရက် ည ၈ နာရီခန့်တွင် စလင်းတောင်ကျေးရွာ အရှေ့ဘက် ယာတောရှိ တဲတွင်နေထိုင်သော ယင်းမိန်းကလေးကို မိဘများမရှိခိုက် လက်ပံပျားဆေးရုံမှ အစောင့်ဝန်ထမ်း ဝေဖြိုးက ရောက်လာပြီး ယင်းမိန်းကလေး၏ချစ်သူက ခေါ်ခိုင်းသည်ဟု ယုံကြည်အောင်ပြောဆိုကာ ဆေးရုံဝင်းရှိ အိပ်ခန်းသို့ လိမ်လည်ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ လက်ကိုင်ဖုန်းကိုလည်း ရိုက်ခွဲခဲ့ပြီး အော်လျှင် တိုင်လျှင် သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်၍ မန္တလေး၊ လွိုင်ကော်နှင့် မော်ချီးမြို့များသို့ ခေါ်ဆောင်သွားကြောင်း၊ မော်ချီးမြို့ရှိ ဝေဖြိုး၏ အသိက ဝေဖြိုးတွင် ဇနီးနှင့် ကလေးရှိ၍ လက်မခံဟုပြောမှ လွိုင်ကော်သို့ပြန်လာပြီး ယင်းမိန်းကလေးကို ကားဂိတ်တွင် တစ်ယောက်တည်း ထားခဲ့ပြီး ဝေဖြိုးက လက်ပံပျားသို့ ပြန်လာခဲ့ကြောင်း၊ ထိုမိန်းကလေးမှာ မိဘများနှင့် ဆက်သွယ်နိုင်ခဲ့၍ ဖခင်ဖြစ်သူက လွိုင်ကော်သို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ကာယကံရှင် မိန်းကလေးက ပြောကြားသည်။

“အိမ်ပြန်ရောက်တော့ ရဲစခန်းမှာ တိုင်တယ်။ အဲဒီတုန်းက အဝတ်အစားတွေ ရှိသေးလား၊ လျှော်ပြီးပြီလားလို့ ရဲကမေးတယ်။ သမီးက လျှော်ပစ်လိုက်တယ်ဆိုတော့ သူတို့က အဲဒီလိုဆိုရင် စစ်လို့ မရတော့ဘူး။ ရေချိုးပြီးရင်လည်း စစ်လို့မရတော့ဘူးလို့ ဆိုတယ်”ဟု ၎င်းကဆိုသည်။ 

အဆိုပါကိစ္စကို ဇူလိုင်လ ၂ ရက် တွင် လက်ပံပျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် တိုင်ကြားရာ၌ ကျူးလွန်သူဟု စွပ်စွဲခံရသူဝေဖြိုးမှာ အုပ်ချုပ်ရေးမှူး ဦးခင်ထွန်း၏ တူအရင်းဖြစ်သည်ကိုသိရပြီး ငွေကျပ် ၁၈ သိန်းကို အလျော်ယူရန် အတင်းအဓမ္မညှိနှိုင်းဆုံးဖြတ်ကာ ပထမအရစ် ကျပ်ကိုးသိန်းပေးပြီး ဒုတိယအရစ်ကို တစ်နှစ်အကြာတွင်ပေးရန်သာ ဆုံးဖြတ်ပေးခဲ့ကြောင်း ကာယကံရှင်မိန်းကလေး၏ဖခင် (ဦးသိန်းလွင်) က ပြောကြားသည်။

“လက်ပံပျားရဲစခန်းကို သွားတိုင်တော့ အမှုဖွင့်မယ်ဆိုရင် မန္တလေးတို့၊ မော်ချီးတို့ကို သွားပြီးစစ်ဆေးဖို့ စရိတ်ပေးရမယ်လို့ ပြောတယ်။ ဆူတယ်။ ငေါက်တယ်။ ကျွန်တော်တို့မိသားစုဟာ လက်လုပ်လက်စား နေ့စားအလုပ်သမားတွေပါ။ ဆင်းရဲတော့ အဓမ္မဆုံးဖြတ်တာကို ခံရပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍မရသဖြင့် လက်ပံပျားရဲစခန်းကို ဆက်သွယ်မေးမြန်းရာတွင် ယင်းကိစ္စသည် ပြင်ပတွင်ဖြေရှင်းခဲ့ခြင်းသာဖြစ်ပြီး ရဲစခန်းသို့ လာရောက်ခြင်းမရှိကြောင်း နယ်မြေခံ လက်ပံပျား ရဲစခန်းမှူး ရဲအုပ်စိုင်းဝင်းက ဖြေကြားသည်။

R-01